မြောက်ဦးမြို့နယ် သရက်တောကျေးရွာ င/ရကောက်ချောင်းကူး သံကူကွန်ကရစ်တံတား ၉၉.၉ ရာခိုင်နှုန်း တည်ဆောက်ပြီးစီး

မြောက်ဦး ဖေဖော်ဝါရီ  ၂၄

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ် ဒေသဖွံ့ဖြိုးရေးအတွက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောက်လုပ်သော သရက်တောကျေးရွာ၊ င/ရကောက်ချောင်းကူးသံကူ ကွန်ကရစ်တံတားကို ၂၀၂၀ ခုနှစ် မှ စတင်၍ တည်ဆောက်လျက်ရှိပြီး ယခုအချိန်တွင် င/ ရ ကောက်ချောင်းကူးသံကူကွန် ကရစ်တံတား ၉၉.၉ ရာခိုင်နှုန်းတည် ဆောက်ပြီးစီးလျက်ရှိကြောင်း သိရသည်။

မြောက်ဦးမြို့နယ် ဒေသဖွံ့ဖြိုးရေးအတွက် အထောက်အကူပြုသော င/ရကောက်ချောင်းကူးသံကူ ကွန်ကရစ်တံတားပြီးစီးပါက ဆူရာဇ်ချောင်းကျေးရွာ၊ ကတိုးကျေးရွာ၊ မောင်းဆွဲကျေးရွာ၊ သံရှင်ပြင်၊ မျောက်ချောင်းကျေးရွာ၊ ပလိပေါက်ကျေးရွာ၊ ကျေးပင်လယ် စသော ကျေးရွာများမှ ထွက်ရှိသော ဆန်၊ စပါးများ၊ ဟင်းသီးဟင်းရွက်များ၊ သား၊ ငါး၊ ပုဇွန်၊ ဂဏန်းများ စသော လယ်ယာ ထွက်ကုန်ပစ္စည်းများနှင့် ရေလုပ်ငန်းများမှ ရရှိသော သား၊ငါး၊ ပုဇွန်များကို မြောက်ဦးမြို့နှင့် ဆက်စပ်လျက်ရှိသော မင်းပြားမြို့၊ ကျောက်တော်မြို့၊ ပုဏ္ဏားကျွန်းမြို့၊ စစ်တွေမြို့နှင့် ရန်ကုန်မြို့၊မန္တလေးမြို့ကြီးများသို့လည်းသယ်ယူပို့ဆောင် သွားလာရောင်းချနိုင်မည်ဖြစ်သောကြောင်း ကျေးလက်နေပြည်သူများအနေဖြင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် တံတားပြီးစီးပါက တံတားနှင့်ဆက်စပ်လျှက်ရှိသော ကျေးရွာ၊ အုပ်စု(၃၂) ရွာမှကျေးလက်နေပြည်သူများ၏ ကျန်းမာရေး၊ ပညာ ရေး၊ စီးပွားရေး၊ လူမှုရေး စသော လိုအပ်ချက်များကိုလည်း အလွယ်တကူသွားလာဖြည်းဆည်းနိုင်မည် ဖြစ်သောကြောင့် ဒေသခံပြည်သူများ အနေ ဖြင့် စိတ်အေးချမ်းသာစွာ သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ တံတားမှာ တံတားအရှည် ၂၀၀ ပေ ၊ အနံ ၁၈ ပေ ရှိပြီး င/ရကောက် ချောင်းကူးသံကူ ကွန်ကရစ်တံတား မှာ ၉၉.၉ ရာခိုင်နှုန်းပြီးစီးပြီးဖြစ်၍ တံတား၏ ဘေးနှစ်ဖက် ချဉ်းကပ်လမ်းဆောင်ရွက်ခြင်းနှင့် ကျောက်ချောလမ်းခင်းခြင်းကိုလည်း ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာ ရေးနှစ် (ပြည် ထောင်စု) ခွင့်ပြုရန်ပုံငွေဖြင့် မင်းပြည့်ဖြိုးစံ ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြင့်စိုး၊ စိုးငြိမ်းနိုင် (ပြန်/ဆက်)