ဂွမြို့နယ်တွင် တပ်မတော် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ လာရောက်၍  အခမဲ့ဆေးကုသပေးနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဂွ   ဖေဖော်ဝါရီ ၂၄

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ပင်လယ်သွားဆေးရုံရေယာဥ်(သံလွင်) တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့မှ လာရောက်၍  အခမဲ့ ဆေးကုသပေးနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက ဂွမြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်ကျော်က ပင်လယ်သွားဆေးရုံ ရေယာဥ်(သံလွင်)မှ နယ်လှည့်ဆေးကုသရေးအဖွဲ့တွင် ပါဝင်သည့် အထူးကုဆရာဝန်ကြီးများ အဖွဲ့သည် ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင်  ဂွမြို့နယ်သို့ရောက်ရှိပါက ဖေဖော်ဝါရီ လ၂၈ ရက်နေ့ နှင့် မတ်လ ၁ရက်နေ့များတွင် သိမ်ကုန်းဘုရားဝန်းအတွင်းရှိ သာသနာ့ဗိမ္မာန်တွင် (အခမဲ့) ဆေးကုသပေးသွားမည်ဖြစ် ကြောင်း၊ ထိုသို့နယ်လှည့်ဆေးကုသရေးအဖွဲ့မှ အဆင်ပြေစွာ ဆေးကုသဆောင်ရွက်ပေးနိုင်ရေးအတွက် ကော်မတီများဖွဲ့စည်းပေးထားကြောင်း၊ အဆိုပါကော်မတီ များအလိုက် လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်စေရေးအတွက် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ကြောင်းနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဥ်များအား ချပြဆွေးနွေးခဲ့သည်။ ဆက်လက်၍ စနေနေ့တွင် ဆောင်ရွက်မည့် မြို့သန့်ရှင်းသာယာလှပရေး စုပေါင်းဆောင်ရွက်မည့် အစီအစဥ်အားလည်းကောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေတွင် မတည်ထောက်ပံ့ ငွေဆိုင်ရာ ဆောင်ရွက်မည့် အစီအစဥ်များအားလည်းကောင်း သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ  ပင်လယ်သွားဆေးရုံရေယာဥ်(သံလွင်)မှ နယ်လှည့်ဆေးကုသရေးအဖွဲ့သည် ၂၀၂၃-ခုနှစ်၊ ဖေဖော်ဝါရီလတွင် တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း ဂွ၊ သဗြုချိုင်၊ ကျောက်နီမော်၊ မာန်အောင်၊ စနဲ၊ မြေပုံ၊ စိုးမဲကျီအတိုင်း လာရောက် ဆောင်ရွက်မည်ဖြစ်ပြီး မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ မီးယပ်၊ သားဖွားအထူးကုဆရာဝန်ကြီးများ၊ ခွဲစိတ်ပါရဂူ၊ ကလေးအထူးကုဆရာဝန်၊ အရိုး/အကြောအထူးကုဆရာ ဝန်၊ သွားအထူးကုဆရာဝန်နှင့်အထွေထွေရောဂါ အထူးကုဆရာဝန်ကြီးများက ဂွမြို့နယ်အတွင်းရှိ ဆေးကုသလိုသည့် ပြည်သူများအား ရောဂါရှာဖွေ စမ်းသပ်ပေးပြီး လိုအပ်သည့်ဆေးဝါးများဖြင့် (အခမဲ့)ဆေးကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်