တောင်သာ ဖေဖော်ဝါရီ ၂၄
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ လျှပ်စစ်ပစ္စည်းပြုလုပ်နည်းသင်တန်း (အခမဲ့)အား ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြင့်ကေခိုင်က လူငယ်လူရွယ်များ ကိုယ်ပိုင်အတတ် ပညာဖြင့် ဝင်ငွေရရှိအောင် ဆောင်ရွက်နိုင်စေရန်၊ အသက်မွေး ဝမ်းကြောင်း ပညာရရှိစေရန်ရည်ရွယ်၍ဤသင်တန်းကို ဖွင့်လှစ်တာဖြစ်ပါ ကြောင်းနှင့် လူငယ်များပီပီသွက်လက်ဖျတ်လတ်ပြီး မိမိတိုးတက်ရာတိုးတက်ကြောင်း အမြဲတမ်းလေ့လာသင်ယူရမှာ ဖြစ်ပါကြောင်း စသည်များအား ပြောကြားပြီးနောက် သင်တန်းဆရာ ဦးဝင်းမြင့် (လျှပ်စစ်ပစ္စည်း ပြုပြင်ရေး)လုပ်ငန်းမှ လျှပ်စစ်ဒယ်နီ၊ လျှပ်စစ်မီးပူ၊ လျှပ်စစ်ထမင်းပေါင်းအိုး၊ လျှပ်စစ် ပန်ကာစသည်များအား ပြုပြင်ပုံ၊ ပြုပြင်နည်းများအား စာတွေ့သင်ကြားပြီးနောက် လျှပ်စစ်ပစ္စည်း တစ်ခုချင်းစီအလိုက်ဖြုတ်၍ ပြန်လည်တပ်ဆင်ခြင်းများကို တဆင့်ပြီးတဆင့် လက်တွေ့ပြသခဲ့ရာ တက်ရောက် လာသည့် သင်တန်းသား/သင်တန်းသူ (၁၄) ဦးတို့မှ စိတ်ပါဝင်စားစွာ လိုက်ပါ လုပ်ဆောင်ကြ ကြောင်း သိရသည်။
ထိုသင်တန်းတွင် လူငယ်များအား မိမိတတ်သည့်ပညာအား ပညာဒါန ဖြန့်ဝေပေးချင်တာဖြစ်ကြောင်း ယင်းလျှပ်စစ်ပြုပြင်မှုကြောင့် တစ်နေ့ဝင်ငွေ (၂၀၀၀၀) ကျပ်နီးပါးရရှိသော်လည်း မိမိမှာ အသက်အရွယ်ကြီးလာသဖြင့် နောင်မျိုးဆက်သစ်လူငယ်များအား လက်ဆင့်ကမ်းဖြန့်ဝေပေးချင် သောကြောင့် သင်တန်းများဖွင့်လှစ်ပေးသည့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ချိတ်ဆက်၍ ယခုလိုသင်တန်းတွင် နည်းပြအဖြစ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းအား သင်တန်းဆရာ ဦးဝင်းမြင့် ပြောကြားချက်အရ သိရသည်။
ယင်းသင်တန်းသို့ တောင်သာမြို့ပေါ်ရပ်ကွက်ရှိ လူငယ်များတက်ရောက်ခဲ့တာ ဖြစ်ပြီး သင်တန်း ကာလမှာ ဖေဖော်ဝါရီလ (၂၄) ရက်မှ (၂၆) ရက်နေ့ထိ နေ့စဉ် နံနက်(၉)နာရီမှ ညနေ(၃) နာရီအထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)