နေပြည်တော် ဖေဖော်ဝါရီ ၂၄
ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအကြောင်း အသိပညာပေးသင်တန်းကို ယနေ့နံနက် (၁၀)နာရီတွင် နေပြည်တော်လူမှုဝန်ထမ်းဦးစီးဌာနရုံး၌ ကျင်းပသည်။
သင်တန်းတွင် နေပြည်တော်လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ်နှင့် တာဝန်ရှိသူများက လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ကလေးသူငယ်များ၏ အခွင့်အရေးများဆိုင်ရာ အသိပညာပေးလုပ်ငန်းများ၊ အဆိုးရွားဆုံးခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားမှုများ၊ လမ်းပေါ်နေကလေးများလျော့နည်းရေးနှင့် ကာကွယ်စောင့်ရှောက် ရေးဆိုင်ရာများ၊ ကလေးငယ်များအား ကျောင်းပညာရေးသင်ကြားနိုင်ရေးအတွက် စာရေးကိရိယာနှင့် ဝတ်စုံစရိတ်များ ထောက်ပံ့ပေးနေမှု၊ သက်ကြီးအဘိုးအဘွားများကို ထောက်ပံ့နေမှုများ၊ ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေများကို အကျယ်တဝင့် ဆွေးနွေးပို့ချသည်။
အဆိုပါသင်တန်းသို့ ဌာနဆိုင်ရာများမှ အရာထမ်း၊ အမှုထမ်းနှင့် လူမှုရေးအသင်းအဖွဲ့များစုစုပေါင်း (၃၀)ဦးတို့ တက်ရောက်ခဲ့ကြပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)