ဆိပ်ကြီးခနောင်တို ဖေဖော်ဝါရီ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ ဥက္ကဋ္ဌကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းဇော်က ကလေးသူငယ်များနှင့်သက်ဆိုင်သည့် ပြစ်မှု၊ ပြစ်ဒဏ်များ အကြောင်း ရှင်းလင်းဆွေးနွေး ပြောကြားသည်။ ထို့နောက် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဆိပ်ကြီးခနောင်တိုမြို့နယ် တာဝန်ခံ ဦးစီးအရာရှိ ဒေါ်အေးအိအိအောင်က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေပါအကြောင်းအရာများ၊ ကလေးသူငယ်များနှင့် ပတ်သက်၍ လူမှုဝန်ထမ်းဦးစီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်း ဆွေးနွေးပြောကြားသည်။
ယင်းနောက်တက်ရောက်လာသူများမှ သိရှိလိုသည်များကိုမေးမြန်းရာ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များဖြစ်ကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့သည်။ အဆိုပါဟောပြောပွဲသို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်စာရေးများ၊ အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဝေယံ(IPRD)