သိန္နီမြို့တွင် တပေါင်းပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်

သိန္နီ ဖေဖော်ဝါရီ ၂၄

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့တွင် တပေါင်းပွဲတော်အား ခေတ်အဆက်ဆက် စော်ဘွားများလက်ထက်မှစ၍ နှစ်စဉ်ကျင်းပခဲ့ရာ နှစ်ပေါင်း(၁၀၀)ကျော်ရှိပြီဖြစ်ပြီး ယခုနှစ်တွင် မတ်လ (၂) ရက်နေ့မှ (၆) ရက်နေ့အထိ တပေါင်းပွဲကွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

တပေါင်းပွဲတော်ကာလအတွင်း သတ်မှတ်ရက်များ၌ ဘုရားပူဇော်ပွဲတွင် သိန္နီမြို့နယ်အတွင်းရှိ တန်ခိုးကြီးဘုရားများအား ပင့်ဆောင်ကာ မဟာမြတ်မုနိဘုရားကြီးအတွင်း၌ ကိန်းဝပ်စံပယ်ပြီး ဆွမ်း၊ ရေချမ်း၊ ပန်း၊ သစ်သီးများကပ်လှူခြင်း၊ ရွှေသင်္ကန်းကပ်လှူခြင်းများ ဆောင်ရွက်ခြင်း၊ တရားပူဇော်ပွဲ များကို ညစဉ် (၇)နာရီမှ (၉)နာရီ အတွင်း ဆောင်ရွက်ခြင်း ၊ သံဃာပူဇော်ပွဲတွင် လပြည့်နေ့၌ တပေါင်းပွဲတော်သို့ ကြွရောက်လာသည့် သံဃာတော်များအား ဆွမ်း၊ ဆန်စိမ်း လောင်းလှူခြင်းများ ဆောင်ရွက်လျက်ရှိသည်။ အဆိုပါတပေါင်းပွဲတော်ကွင်း၌ ရပ်နီး၊ ရပ်ဝေးမှ လာရောက်လည်ပတ်ကြသည့် ပြည်သူများ များပြားမည်ဖြစ်သောကြောင့် ဈေးဆိုင်ခန်းများလည်း စတင်တည်ဆောက်ခါ ပြင်ဆင်နေလျက်ရှိကြောင်း မြို့နယ် ထေရဝါဒ ဗုဒ္ဓသာသနာ နုဂ္ဂဟအသင်းထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)