မြန်မာ့လက်မှုအနုပညာ ပုဂံဒေသထွက်ယွန်းထည်ပစ္စည်း အရောင်းအဝယ် ပါးသော်လည်း လုပ်ငန်းရှင်များ ပုံမှန်လုပ်ကိုင်

ညောင်ဦး  ဖေဖော်ဝါရီ  ၂၄

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံဒေသထွက် မြန်မာ့လက်မှုအနုပညာ ယွန်းထည်ပစ္စည်း ထုတ်လုပ်မှုအရောင်းအဝယ် ပါးသော်လည်း ယွန်းလုပ်သား၊ယွန်းအလုပ် သမများအဆင်ပြေစေရန် ယွန်းလုပ်ငန်းလည်ပတ်လုပ်ကိုင်လျက်ရှိကြောင်း ပုဂံမြို့ မြင်းကပါရပ် ယွန်းလုပ်ငန်းရှင် ဦးထွန်းထွန်းနိုင်ထံက သိရသည်။

ယွန်းထည်လုပ်ငန်းသည် မြန်မာ့လက်မှုအနုပညာဖြစ်ပြီး အင်မတန်အနုစိတ်လုပ်ကိုင်ရသော လုပ်ငန်းဖြစ်ပြီး ယွန်းပစ္စည်းအမျိုးပေါင်း တစ်ရာကျော် ပြုလုပ်ကြောင်း၊ ယွန်း လုပ်ငန်းရှင်များ အများဆုံး ပြုလုပ်သည့် ယွန်းလက်ဖက်အစ်၊ ယွန်းဆွမ်းအုပ်များကို အများ ဆုံးပြုလုပ်ကြကြောင်းသိရပြီး ပုဂံခေတ်မှသည် ကုန်းဘောင်ခေတ်နှောင်းပိုင်းအထိ မြန် မာလူမျိုးများ ယွန်ထည်အမျိုးမျိုးသာ အသုံးပြုခဲ့ကြကြောင်း၊ ပလို့ခေါ်ငါးဆင့်ပလို့ဆွမ်းအုပ် များဖြင့် ယနေ့တိုင် ရွှေစည်းခုံဘုရားပွဲ၊ အာနန္ဒာဘုရားပွဲ၊ ငှက်ပစ်တောင်ဘုရားပွဲ၊တုရင် တောင်ဘုရားပွဲ၊ ကန်တော့ပလ္လင်ဘုရားပွဲများနှင့် မကွေးတိုင်းဒေသကြီး ချောက်မြို့နယ် စလေမြို့ ရှင်ပင်စာကြိုလှဘုရားပွဲများတွင် ယွန်းပလို့(ငါးဆင့်)ပါသောဆွမ်းအုပ်ကြီးများဖြင့် ဆွမ်းတော်များ လောင်းလှူလျက်ရှိသေးကြောင်း သိရသည်။

ယွန်းလုပ်ငန်းသုံးပစ္စည်းများတွင် မပါမဖြစ် မြန်မာနိုင်ငံ အနှံ့အပြားမှ ထွက်ရှိသည့် မဲတင်းခါးဝါး၊ တင်းဝါး၊ နန်းထောင်ဝါး၊ မဲဇာဝါးများကို သုံး၍ ယွန်းထည်အမျိုးမျိုးပြုလုပ်ကြသော်လည်း မဲတင်းခါးဝါးတစ်မျိုးထဲကိုသာ ယွန်းထည်ပြုလုပ်ရာတွင် စွဲစွဲမြဲမြဲအသုံးပြုကြကြောင်း သိရသည်။ ယွန်းထည်ပြုလုပ်ရခြင်း အဆင့်ဆင့်တွင် အချောခံခြင်း၊ စဉ့်ဖတ်တင်ခြင်း၊ နှီးခေါင်းထိုးခြင်း၊ နှီးစိတ်ခြင်း၊ ကြောင်လိမ်ထည်လုပ်ခြင်း၊ ပွေတည်ခြင်း၊ မြေခံခြင်း၊ အဖြူခွေခြင်း၊ နှီးဖြာခြင်း၊ပုတ်ထည်၊ ယွန်းထပ်ခြင်း၊ သားရိုးချောခြင်း၊ ဓားကောက် ခြစ်ခြင်း၊ နှီးသတ်ခြင်း၊ ရက်ထည် တို့ကိုအဆင့်ဆင့်ပြုလုပ်ရကြောင်း၊ယွန်းထည်ပစ္စည်း များ သုတ်ရန် သစ်စေးဆယ်ပိဿပုံးတစ်ပုံး သုံးသိန်းကျပ်ပေးဝယ်ရကြောင်းသိရသည်။

ယွန်းထည်လုပ်ငန်းလုပ်ကိုင်ကြသည့် ယွန်းလုပ်သားတစ်ဦး တစ်ရက်လျှင် တစ်သောင်းကျပ်နှင့် ယွန်းကျွမ်းကျင်လုပ်သားတစ်ဦးလျှင် နှစ်သောင်းကျပ်ရရှိကြကြောင်း၊ ယွန်းထည်များ ပြုလုပ်ပြီး သော်လည်း တစ်နှစ်ကျော်ကြာမှ ရောင်းချရကြောင်း ယွန်ထည်များ ပြုလုပ်ပြီး မြေအောက်ခန်းအတွင်း အလုံပိတ်ထားကာ ယွန်းထည်များမြေ ထပ်ပေးထားကာ နောက်ဆုံးအဆင့် ရောင်းချရသည့် အချိန်တစ်နှစ်ကျော်မှ ရောင်းချရကြောင်း ယွန်းလုပ်ငန်းရှင်များက ပြောပြသည်။ ယွန်းထည်ရောင်းချရမှု နည်းပါးသော်လည်း ယွန်းလုပ်သားများ မိသားစု စားဝတ်နေရေး အဆင်ပြေစေရန် ယွန်းလုပ်ငန်းရှင်အချို့က ယွန်းလုပ်ငန်းများ စဉ်ဆက်မပြတ် လုပ်ငန်းလုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

ဒီပါလင်း