မချမ်းဘော့ ဖေဖော်ဝါရီ ၂၄
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့၌ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မွေးမြူလျက်ရှိသော ဝက်များကို ရောဂါဖြင့် သေကြေ ပျက်စီးမှုမရှိစေရန် ဝက်ဝမ်းကျရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့ နံနက် ၁၁ နာရီက နမ်ခမ်ကျေးရွာ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရ သည်။
အဆိုပါ ဝက်ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ လက်ထောက်ဦးစီးမှူး ဦးဇာမဲဒီးဆားရ်နှင့် ဝန်ထမ်းများ၊ မြို့နယ်သမဝါယမဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဂျာရွယ်၊ နမ်ခမ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခေါ့ခွန်းထင်ဆန်းတို့ ပူးပေါင်း၍ နိုင်ငံစီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးမွေးမြူရေး တောင်သူ ၃၃ ဦး၏ ဝက် ၅၈ ကောင်ကို မွေးမြူရေးတောင်သူ ဦးဖုန်မော့ထင်၏ နေအိမ်၌ စုရပ်ပြုလုပ်ကာ ဝက်ဝမ်းကျရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မချမ်းဘော့မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် မချမ်းဘော့မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မွေးမြူလျက်ရှိသော ဝက်များနှင့် မိသားစု တစ်နိုင်တစ်ပိုင် မွေးမြူလျက်ရှိသော ဝက်များကို ဝက်ဝမ်းကျရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယောရွှေနီ(မချမ်းဘော့)