ကွန်ပျူတာတက္ကသိုလ်(မြစ်ကြီးနား)၌ လူငယ်စကားဝိုင်း ကျင်းပ

မြစ်ကြီးနား ဖေဖော်ဝါရီ ၂၄

ကချင်ပြည်နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကွန်ပျူတာတက္ကသိုလ် (မြစ်ကြီးနား)တို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို အဆိုပါတက္ကသိုလ်ရှိ ခန်းမတွင် ယမန်နေ့မွန်းလွဲ  ၂ နာရီက ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးလှဌေးက လူငယ်စကားဝိုင်းကျင်းပ ပြုလုပ်ရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။

ထို့နောက်လူငယ်စကားဝိုင်းအား ပြည်နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ငုချိုချိုကျော်နှင့် ကွန်ပျူတာတက္ကသိုလ် မြန်မာစာဌာနမှ ကထိက ဒေါ်သက်ရီတို့က အစီအစဉ်တင်ဆက်သူများအဖြစ် ဆောင်ရွက်ပြီး ကွန်ပျူတာတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများဖြစ်သည့်  မမေကျော်၊ မောင်စိုင်းဝိုင်ဝိုင်းအောင်၊  မောင်ကျော်စိုးမင်း၊ မောင်ဥက္ကာဉာဏ်တို့က လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့်ဘဝရည်မှန်းချက်၊ လူငယ်နှင့်အချစ်၊ လူငယ်နှင့်မူးယစ်ဆေးဝါး စသည့်ခေါင်းစဉ်များဖြင့် ၎င်းတို့ဖတ်ရှုလေ့လာထားသည့် အတွေ့အကြုံ များကို အသီးသီးဆွေးနွေးကြရာ အစီအစဉ်တင်ဆက်သူများက ဖြည့်စွက်ဆွေးနွေးပေးသည်။

ယင်းနောက် လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား/သူများက သိရှိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပြီး၊ ကချင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်သူက ပါဝင်ဆွေးနွေးသူများအား  အမှတ်တရလက်ဆောင်နှင့် ကွန်ပျူတာတက္ကသိုလ်အတွက် အားကစားပစ္စည်းများကို လှူဒါန်း ပေးအပ်သည်။

ယင်းနောက် ကွန်ပျူတာတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာသန်းနိုင်စိုးက လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့ကြသူများကို ဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး ကျေးဇူးတင်စကား ပြောကြားသည်။

အဆိုပါ လူငယ်စကားဝိုင်းနှင့်အတူ မြစ်ကြီးနားခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/သူများ စာအုပ်စာစောင်များဖတ်ရှုသည့် အလေ့အကျင့်ကောင်းများနှင့် စာဖတ်ရှိန် မြင့်မားရေး၊ အသိပညာဗဟုသုတ တိုးပွားရရှိစေရေး စာအုပ်စာစောင်များ ခင်းကျင်းပြသပေးခဲ့ကြောင်း သိရသည်။    

ခရိုင် (ပြန်/ဆက်)