မိုင်းယု ဖေဖော်ဝါရီ ၂၄
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့မှ မြို့မရပ်ကွက်အုပ်စု၊ ဝမ်နားဟွေ့ကျေးရွာရှိ မြင့်မိုရ်စံမူကြိုကျောင်း၌ ယမန့်နေ့က သဘာဝဘေးအန္တရာယ် ကာကွယ်ရေး အသိပညာပေးဟောပြော၍ အိမ်တွင်းမှုအသက်မွေးဝမ်းကြောင်းလုပ်ငန်းအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အဆိုပါ ဟောပြောမှုတွင် မိုင်းယုမြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့မှ အဖွဲ့ဝင်များက မူကြိုကလေးငယ်များအား သဘာဝဘေးကြောင့် အချိုးအစားမညီမျှစွာ နိမ့်ကျသည့် ကျန်းမာရေး၊ ထိတ်လန့်မှုနှင့် စိတ်ဖိစီးမှုတို့ကို ရှေ့မှ အမြဲ ဒဏ်ခံစားနေရသည့် ကလေးငယ်တို့၏ အခြေအနေများ၊ ကလေးငယ်တို့အား ကာကွယ်စောင့်ရှောက်မှုနှင့် ကြုံတွေ့လာပါက အားအင်ချို့တဲ့မှုမရှိစေရန်နှင့် အာဟာရ ပြည့်ဝစွာစားသောက်နိုင်ထိုင်၍ ကျန်းမာသန်စွမ်းအောင်နေထိုင်ကြရန် စသည်တို့အား အသိပညာပေး ဟောပြောကာ မူကြိုကလေးငယ်များအား အာဟာရများ တိုက်ကျွေး၍ စနစ်တကျ လက်ဆေးနည်းများကို သင်ကြားပြသပေးခဲ့ကြသည်။
ယင်နောက် အဖွဲ့ဝင်များသည် မြို့မရပ်ကွက်ရှိ အမျိုးသမီးများ အိမ်တွင်းမှုအသက်မွေးဝမ်းကြောင်း အထောက်အကူပြု စက်ချုပ်နည်းပညာသင်ယူနေကြသည့် ဒေသတွင်း အမျိုးသမီးငယ်တို့၏ စက်ချုပ်ပညာသင်ယူနေမှုအခြေအနေများနှင့် အသေးစား သောက်ရေသန့်ထုတ်လုပ်သည့် လုပ်ငန်းတွင် သောက်သုံးရေ သန့်ရှင်းစွာထုတ်လုပ်မှု ရှိ/မရှိတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ကိုကိုနိုင်