အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ အထူးကုဆရာဝန်ကြီးများ ပုဏ္ဏားကျွန်းမြို့သို့ လာရောက်၍ (အခမဲ့) ဆေးကုသပေးမည်

ပုဏ္ဏားကျွန်း  ဖေဖော်ဝါရီ ၂၄

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့သို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ထင်လတ်ဦး၏ လမ်းညွှန်မှုဖြင့် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ အထူးကုဆရာဝန်ကြီးများ အဖွဲ့သည် ဖေဖော်ဝါရီလ ၂၇ ရက်မှ မတ်လ ၁ ရက်နေ့အထိ အခမဲ့လာရောက်ဆေးကုသပေးမည်ဖြစ်သည်။

အဆိုပါနယ်လှည့်ဆေးကုသရေးအဖွဲ့တွင် အထူးကုသမားတော်ကြီး၊ ခွဲစိတ်ပါရဂူ၊ ကလေးအထူးကုဆရာဝန်ကြီး၊ အရိုး/အကြောအထူးကုဆရာဝန်၊ မျက်စိ၊ နား၊ နှာခေါင်းအထူး ကုဆရာဝန်၊ သွားအထူးကုဆရာဝန်နှင့် အထွေထွေရောဂါ အထူးကုဆရာကြီးများ ပါဝင်မည်ဖြစ်ပြီး ECG နှင့် အမ်ထရာဆောင်းစက်တို့ဖြင့် ရောဂါရှာဖွေစမ်းသပ်ကာ လိုအပ်သည့်ဆေးဝါးများဖြင့် (အခမဲ့)ဆေးကုသပေးမည်ဖြစ်ကြောင်း သိရသည်။

ပုဏ္ဏားကျွန်းမြို့နှင့်ဝန်းကျင်ကျေးရွာတို့မှ အဆိုပါနယ်လှည့်ဆေးကုသရေးအဖွဲ့နှင့် ပြသရန်အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင်  ကြိုတင်စာရင်းပေးသွင်းထားသည့် ဒေသခံပြည်သူ ၁၅၀၀ ဦးခန့်ရှိကြောင်းနှင့် ပုဏ္ဏားကျွန်းမြို့ လောကမာရဇိန်ဘုရားကြီးသိမ်တော်၌ အခြေပြု၍ ဆေးကုသမှုများ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နီထွန်းအောင်(ပြန်/ဆက်)