မိုင်းယုမြို့၌ တောင်သူပညာပေးဆွေးနွေးပွဲနှင့် နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဟောပြော

မိုင်းယု ဖေဖော်ဝါရီ ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့၌ တောင်သူအသိပညာပေး ဆွေးနွေးပွဲနှင့် နယ်လှည့်စာကြည့်တိုက်ကွင်းဆင်း ဟောပြောခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက မိုင်းလွေကျေးရွာအုပ်စုရှိ ဝမ်ဆီလီကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တောင်သူအသိပညာပေး ဆွေးနွေးရာတွင် မိုင်းယုမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ပြုံးပြုံးနွဲ့က စပါးပင်များ၌ ကျရောက်တတ်သော စပါးဖျက် ဆစ်ပိုးမွှားအကြောင်းနှင့် ကာကွယ်နှိမ်နင်းရေးနည်းလမ်းများ၊ စပါးအထွက်တိုးပွားရေး သွင်းအားစု သုံးစွဲရမည့် ရာသီကာလနှင့် သုံးစွဲနည်းစနစ်များ၊ နေကြာသီးနှံစိုက်ပျိုးခြင်း အကြောင်းကိုလည်းကောင်း၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မြို့ဦးစီးမှူး ဦးမြတ်စောမင်းက လယ်ယာမြေ လုပ်ကိုင်ခွင့် ပုံစံ(၇)လက်မှတ်အကြောင်းကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးအားချာ လူကုန်ကူးခြင်းအန္တရာယ်နှင့် စာဖတ်ရှိန်မြှင့်တင်ရေး စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများအကြောင်းကိုလည်းကောင်း ဟောပြောခဲ့ကြသည်။

ထို့နောက် ဝမ်ဆီလီကျေးရွာမှ နွေစပါးစိုက်ပျိုးသည့် တောင်သူများအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ပုလဲဓာတ်မြေဩဇာအိတ်ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး၊ တောင်သူအသိပညာပေး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ကြောင်း၊ ပြန်/ဆက်ဦးစီးဌာနမှ လူကုန်ကူးခြင်းအန္တရာယ်နှင့် မူးယစ်ဆေးဝါး သုံးစွဲခြင်း၏ ဆိုးကျိုးများအကြောင်းကို နံရံကပ်စာစောင်များ ပြသခဲ့ကြောင်း သိရသည်။

အားချာ