အလုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ဆယ့်နှစ်လရာသီ စာပန်းချီစာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်

အလုံ ဖေဖော်ဝါရီလ

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယမန်နေ့  မွန်းလွဲ ၁ နာရီက အလုံမြို့နယ်စာပေ ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့မှ  စာဖတ်ဝိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းကို ကျောင်းသား၊ လူငယ်များ၊  ပြည်သူများ စာပေနှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး စာဖတ်သည့် အလေ့အထများရရှိစေရန်၊ စာပေမှရရှိသည့်  အသိပညာဗဟုသုတရရှိစေရန်နှင့်  လူအများနှင့် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အထများ ရရှိစေရန်အတွက် ရည်ရွယ်ကာ လစဉ်ဆောင်ရွက်ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်ချိုက စာဖတ်ဝိုင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကိုပြောကြားပြီးနောက် စာရေးသူ ရွှေတိုင်လွင်က ယခုစာအုပ်အား မြန်မာ့ရိုးရာယဥ်ကျေးမှု ရာသီအလိုက်ပွဲတော်များအကြောင်း၊   ရာသီအလိုက်ပွင့်သော ပန်းများ၊ ရာသီနက္ခတ်များအ​ကြောင်းရေးသားထားခြင်းဖြစ်ပြီး  အမျိုးဘာသာ၊ စာပေ၊ ယဉ်ကျေးမှုများ မဆိတ်သွန်း မပျောက်ကွယ်ရန် ရည်ရွယ်ရေးသားရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင်  Book Club အဖွဲ့ဝင်  ဦးမောင်မောင်(လျှပ်စစ်)  မြို့တော် ထွန်းရည်အေး (ရန်ကုန်တက္ကသိုလ်) တို့က စာအုပ်ပါအကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်သူများမှ ပြန်လည်မေးမြန်းဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ပြီး အဆိုပါ စာဖတ်ဝိုင်းသို့ အလုံမြို့နယ် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များ တက်ရောက်ကြောင်း သိရသည်။

တင်တင်ချို (ပြန်/ ဆက်)