နေပြည်တော် ဖေဖော်ဝါရီ ၂၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ မအူတောကျေးရွာအုပ်စု၊ စိမ်းစားပင်ကျေးရွာတွင် ယမန်နေ့ ညနေ(၄)နာရီခွဲက မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးလောင်မှုကြောင့် နေအိမ်(၁၉)လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး မီးကူးစက်မှုမရှိစေရေးအတွက် နေအိမ်နှစ်လုံးအား ဖျက်ဆီးခဲ့ရကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုကြောင့် မီးဘေးသင့်ပြည်သူများအား စိမ်းစားပင်ကျေးရွာ အောင်မြေဘုံရတနာ စိမ်းစားပင်ကျောင်းတိုက်သို့ ပြောင်းရွှေ့နေရာချထားခဲ့ပြီး ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ ငွေများပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးမင်းနောင်နှင့် ဦးမြင့်စိုး၊ နေပြည်တော် မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှိုင်ဝင်းအောင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူး ဦးကျော်ကျော်ထွန်း၊ ဇေယျာသီရိခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်ဝင်းထူးနှင့် အဖွဲ့ဝင်များ၊ ဇေယျာသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် အလှူရှင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က မီးဘေးသင့်ပြည်သူများအား အားပေးစကားပြောကြားပြီး လိုအပ်သည်များကို သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ထောက်ပံ့ငွေများနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ရာတွင် နေပြည်တော်ကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးမင်းနောင်နှင့် ဦးမြင့်စိုး၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူး ဦးကျော်ကျော်ထွန်းနှင့် အလှူရှင်များက ကယ်ဆယ် ရေးပစ္စည်းများ၊ ဆန်၊ ဆီ၊ အဝတ်အထည်များ၊ အသုံးအဆောင်ပစ္စည်းများနှင့် ထောက်ပံ့ငွေများကို မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်သည်။
အဆိုပါ ထောက်ပံ့ငွေများနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ရာတွင် နေပြည်တော် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်းများအတွက် ထောက်ပံ့ငွေကျပ် (၂၄၉၅၃၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်းများ တန်ဖိုးငွေကျပ်(၁၀၂၈၆၄၉)ကျပ်၊ အလှူရှင်များမှ ငွေကျပ်(၄၀၂၉၆၅၀)ကျပ်နှင့် အိမ်အသုံးအဆောင်ပစ္စည်း တန်ဖိုးငွေကျပ်(၁၃၀၅၉၀၀)ကျပ် စုစုပေါင်း ထောက်ပံ့ငွေများနှင့် ပစ္စည်းများ တန်ဖိုးငွေကျပ် (၈၈၅၉၄၉၉)ကျပ်ကို မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)