ရသေ့တောင် ဖေဖော်ဝါရီ ၂၃
ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ မပေါက်ကွဲသေးသောစစ်လက်နက်ကျန်ပစ္စည်းနှင့် မိုင်းအန္တရာယ်အသိပညာပေးဟောပြောခြင်းကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က သီရိသောမာရုံဘုန်းတော်ကြီးကျောင်းအတွင်းရှိ စစ်ဘေးရှောင်ပြည်သူများအား အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောရာတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြို့နယ်ကြက်ခြေနီအသင်းမှ မြို့နယ်တပ်ဖွဲ့မှူး ဒေါ်အေးသန်းနုနှင့် အဖွဲ့ဝင်များက ပေါက်ကွဲစေနိုင်သော စစ်လက်နက်အကြွင်းအကျန်များ၏ဝေးရာတွင်နေရန်၊ အန္တရာယ်ရှိသောနေရာ၏ အနီးပတ်ဝန်းကျင်အား ဘယ်သောအခါမှမချဉ်းကပ်ပါရန်၊ အခြားသူများလည်း အန္တရာယ်ရှိသောနေရာသို့မသွားကြရန် မိမိနှင့်အကျွမ်းတဝင်မဖြစ်သော ဒေသတွင်ခရီးသွားပါက လူများအသုံးပြုထားသော လမ်းများကိုသုံးပြုရန် မိုင်း(သို့) ပေါက်ကွဲနိုင်သော စစ်လက်နက်အကြွင်းအကျန်တစ်ခုခုအားတွေ့ရှိပါက လူကြီးတစ်ဦးဦးအားအကြောင်းကြားရန် အနီးသို့သွားခြင်း၊ ကိုင်တွယ်ခြင်း မည်သည့်အခါမှမပြုလုပ်ကြရန် စသည့်တို့ကို အသိပညာပေး အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ထီးစွဲကျေးရွာသူ၊ ကျေးရွာသားများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
ထွန်းလင်းကျော်