ကျောက်တံတားမြို့နယ်ရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာအုပ်စာပေချစ်မြတ်နိုးသူများ အသင်းမှ စာဖတ်ဝိုင်းကျင်း

ကျောက်တံတား ဖေဖော်ဝါရီ  ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် စာရေးဆရာ‌ ဒေါက်တာကျော်စိန်၏ "လူငယ်လမ်းညွှန်" စာအုပ်ကို ယမန်နေ့နံနက် ၁ဝ နာရီအချိန်က စာပေချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့များက စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါစာဖတ်ဝိုင်းတွင် ကျောက်တံတားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လှလှထွေးက စာဖတ်ဝိုင်းပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီးနောက် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (BOOK CLUB) အသင်းဥက္ကဋ္ဌ စာရေးဆရာမညွန့်ညွန့် (ကလော) က ဦးဆောင်၍ စာရေးဆရာ ဒေါက်တာကျော်စိန်၏ "လူငယ်လမ်းညွှန်" စာအုပ်တွင် ​ရေးသားထားသည့် လူငယ်ဟူသည် ပွင့်လင်း၏ ရိုးသား၏ တက်ကြွ၏ သို့သော်ပွင့်လင်းမှုလွန်ကဲ၍ ယဉ်ကျေးမှုဘောင်မှ လွတ်ကင်းသွားမည်ကိုစိုးရိမ်ကြောင်း၊ လူငယ်၏ ရိုးသားမှုကိုလူကြီးလူငယ်များက အမြတ်ထုတ်သွားမည်ကို စိုးရိမ်ရကြောင်း၊ တက်ကြွမှုလွန်ကဲ၍ လမ်းမှားသို့ရောက်ကာ အဖတ်ဆယ်မရသည့် ဘေးကလည်းရှိသေးကြောင်း၊ မည်သို့ပင်ဆိုစေပွင့်လင်း ရိုးသားတက်ကြွ သည့် လူငယ်ထုကို မှန်ကန်သောပန်းတိုင်သို့ စနစ်တကျလမ်းညွှန်နိုင်ပါမှ လွန်စွာ ကျေးဇူးဖြစ်ထွန်းနိုင်မည်ဖြစ်ကြောင်း စသည်ဖြင့်စာအုပ်ခေါင်းစဉ်ပါ အကြောင်းအရာများအား ဆွေးနွေးခဲသည်။

ထို့နောက် စာဖတ်ဝိုင်းသို့တက်‌ရောက်လာသော စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (BOOK CLUB) အဖွဲ့ဝင်များမှ စာရေးဆရာ ဒေါက်တာကျော်စိန်ရေးသားသော "လူငယ်လမ်းညွှန်" စာအုပ်ကိုအပြန်အလှန်‌ ဆွေးနွေးပေးခဲ့ကြပြီး စာဖတ်ဝိုင်းတက်ရောက်လာသူ တစ်ဦးမှ လူငယ်လမ်းညွှန်စာအုပ်အား ဖတ်ရှုရခြင်းအားဖြင့် အပေါင်းအသင်းမှား၍ လမ်းပျောက် နေကြသော လူငယ်များကိုကြည့်၍ လမ်းပျောက်နေသူ၊ လမ်းလွဲနေသူ၊ လမ်းစရှာမရသူ၊ လူငယ်တို့ကို လမ်းဖော်ပေး၊ လမ်းမှန်တည့်ပေး၊ လမ်းစရှာပေးရမှာသည်လူကြီးများ၏ တာဝန်ဟု နားလည်သဘောပေါက်ကြောင်း စသည့်အကျိုးကျေးဇူးများရရှိကြောင်း သိရသည်။

လှလှထွေး(ပြန်/ဆက်)