ခရမ်း ဖေဖော်ဝါရီ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၁)နာရီတွင် ခရမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗြဟ္မစိုရ်အစည်းဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ ဒုဥက္ကဋ္ဌ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုဦး က အဖွင့်အမှာစကားပြောကြားခဲ့ပြီး သန်လျင်ခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းမြင့်တို့က ကလေးသူငယ်အခွင့် အရေးဆိုင်ရာဥပဒေများနှင့် ပတ်သက်၍ အသိပညာပေးရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်အမျိုးသမီးရေးရာကော်မတီဥက္ကဋ္ဌ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အတွင်းရေးမှူးနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေများအား ဆွေးနွေးရာ မြို့နယ်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ ဒုဥက္ကဋ္ဌနှင့် သန်လျင်ခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းမြင့်မှ ပြန်လည်ဆွေးနွေးဖြေ ကြားခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲသို့ မြို့နယ်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ ဒုဥက္ကဋ္ဌ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုဦး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်ခင်ထက်ထက်၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကိုမင်း (ခရမ်း)