မြင်းခြံမြို့နယ်တွင် အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး အထူးရဲ ၂၇၆ ဦး ခန့်သွားမည်

မြင်းခြံ စက်တင်ဘာ ၂၉

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေး အတွက် မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် မဲရုံအသီးသီးတွင် တာဝန်ထမ်းဆောင်ရန် အထူးရဲ (၂၇၆) ဦး ခန့်သွားမည်ဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ကျွန်တော်တို့ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေး ကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် မြင်းခြံမြို့နယ်အတွင်း မဲရုံအသီးသီးတွင် အထူးရဲ (၂၇၆) ဦး ခန့်သွားမှာဖြစ်ပါတယ်၊ စက်တင်ဘာလ ၂၈ ရက်နေ့ကစတင်ပြီး အထူးရဲ ဝင်ရောက်လျောက်ထားသူများအား မြင်းခြံမြို့ အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်းတွင် စိစစ်လက်ခံပေးလျက်ရှိပြီး အောက်တိုဘာလ ၁ ရက်နေ့တွင် အထူးရဲ လျှောက်ထားသူများအား သင်တန်းများ စတင်သင်ကြားပေးမှာဖြစ်ပြီး သင်တန်းကို အောက်တိုဘာလ ၂၈ ရက်နေ့အထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သောင်းဝင်းက ပြောသည်။

မြင်းခြံမြို့နယ်တွင် မဲရုံပေါင်း (၂၇၆) ရုံရှိပြီး မဲဆန္ဒပေးပိုင်ခွင့်ရှိသူ နှစ်သိန်းနှစ်သောင်း ကျော်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။                 

ကျော်စွာ(မြင်းခြံ)