ပုဇွန်တောင် ဖေဖော်ဝါရီ ၂၃
ပုဇွန်တောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ပုဇွန်တောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် ပုဇွန်တောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်က ရှေ့ဆက်ဆောင်ရွက်လုပ်ကိုင်ရမည့် လုပ်ငန်းများနှင့် ပတ်သက်၍ အရေးကြီးလာပြီဖြစ်၍ တိတိကျကျ မှန်မှန်ကန်ကန်ဖြင့် ဆောင်ရွက်လုပ်ကိုင်ရမည်ဖြစ်ပြီး စုပေါင်းတိုင်ပင်ဆွေးနွေးလုပ်ကိုင်ကြရန်၊ ဆောင်ရွက်သည့် လုပ်ငန်းလိုအပ်ချက်များကို ကဏ္ဍအလိုက် အသီးသီးပေါင်းစပ် ညှိနှိုင်းဆွေးနွေးဆောင်ရွက်ကြရန်နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်၊ လုံခြုံရေးအထူး အလေးပေးဆောင်ရွက်ရန်နှင့် ဌာနဆိုင်ရာများအနေဖြင့် လုံခြုံရေးဂျူတီချထားရန်၊ အခက်အခဲများရှိပါက တင်ပြကြရန် ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် ပုဇွန်တောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တက်ရောက်လာကြသော ဌာနဆိုင်ရာများက လုပ်ငန်းများအလိုက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ အခက်အခဲများကို ဆွေးနွေးတင်ပြကြရာ တင်ပြချက်များအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဟန်စုယဉ်