နေပြည်တော် ဖေဖော်ဝါရီ ၂၃
စဉ်စားသုံးနေသည့် အစားအသောက်များအား ဘေးအန္တရာယ်ကင်းရှင်းစွာ စားသောက်နိုင်ရေး၊ စားသုံးသူများ၏ လိုအပ်ချက်များနှင့် အခွင့်အရေးများ အပြည့်အဝ ရရှိစေရန်အတွက် အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၁၀ နာရီမှ စတင်၍ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားမြို့နယ်ရှိ မြို့မဈေးနှင့် အာဟာရသုခဈေးများသို့ သွားရောက်၍ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ပျဉ်းမနားခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်သန်း၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနှင်းနှင်းဝေနှင့် မြို့နယ်အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေး ကော်မတီအဖွဲ့ဝင်များက ရောင်းချလျက်ရှိသည့် မုန့်ဖတ်၊ ပဲပြား၊ လက်ဖက်၊ ချဉ်ဖတ်၊ ပဲသွေး၊ ငါးပိတို့အား တစ်ပါတည်း ဓာတ်ခွဲနမူနာရယူ စစ်ဆေးပြီး စားသုံးရန်မသင့်သည့် အစားအသောက်များအား မြေမြုပ်ဖျက်ဆီးခဲ့ကာ ကြက်အူချောင်း၊ ဝက်အူချောင်းနှင့် အသားငါးများကို ကျန်းမာရေးနှင့် ညီ/မညီ စစ်ဆေးရန် ဓာတ်ခွဲနမူနာရယူခြင်းနှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)မှ စားသုံးရန်မသင့်အနေဖြင့် သတ်မှတ်ထားသည့် အစားအသောက်များနှင့် သက်တမ်းလွန် ဆေးဝါးများကို စစ်ဆေးခဲ့ပြီး ဈေးရောင်းချသူ ပြည်သူများအား စားသုံးသူ အသိ ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ပျဉ်းမနားမြို့နယ်အပြင် ကျန်ရှိသည့် မြို့နယ်များတွင်လည်း ပြည်သူများအနေဖြင့် အစားအသောက်များအား ဘေးအန္တရာယ်ကင်းရှင်းစွာ စားသောက်နိုင်ရေး ကွင်းဆင်းစစ်ဆေးခြင်းကို စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ကို(ပြန်/ဆက်)