လူငယ်စကားဝိုင်း တွံတေးမြို့နယ် ငါးလုပ်ငန်းသိပ္ပံ(တွံတေး)၌ ကျင်းပ

တွံတေး ဖေဖော်ဝါရီ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊  တွံတေးမြို့နယ်တွင် လူငယ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်စကားဝိုင်းကို  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ငါးလုပ်ငန်းသိပ္ပံ(တွံတေး)တို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက်(၁၀)နာရီက ဇီးဖြူကုန်းကျေးရွာအုပ်စု၊ ဇီးဖြူကုန်းကျေးရွာရှိ ငါးလုပ်ငန်းသိပ္ပံ(တွံတေး)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသက်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် အနာဂတ်လူငယ်များသည် တိုင်းပြည်၏တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့်သူများဖြစ်ရာ အသိဉာဏ်ပညာဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ လူငယ်စကားဝိုင်းမှ အသိဉာဏ်ပညာ၊ ဗဟုသုတများ ပိုမိုရရှိစေရေး၊ စကားပြော အတတ်ပညာ ကျွမ်းကျင်တတ်မြောက်ပြီး လိမ္မာပါးနပ်စွာပြောဆို ဆက်ဆံတတ်စေရေး၊ တစ်ဦးနှင့်တစ်ဦး အသိပညာအတွေ့အကြုံ ဖလှယ်ဆွေးနွေးခြင်းဖြင့်  အတွေ့အကြုံအသစ်များ ရရှိစေရေး၊ လူငယ်အချင်းချင်းရင်းနှီး ချစ်ခင်မှုများတိုးပွားလာစေရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် လူငယ်စကားဝိုင်းဆွေးနွေးမည့် ကျောင်းသား၊ ကျောင်းသူများနှင့် Moderator တို့မှ နေရာယူပြီး  ဆွေးနွေးမည့် ကျောင်းသား၊ ကျောင်းသူများအား Moderator မှ ဦးဆောင်မိတ်ဆက်ပေးကာ ငါးလုပ်ငန်းသိပ္ပံ(တွံတေး)ကျောင်း၊ ငါးလုပ်ငန်းနှင့်ရေသတ္တဝါ မွေးမြူရေးဒီပလိုမာ ပထမနှစ်ကျောင်းသူ မထိပ်ထားလှိုင် (စစ်ကိုင်းတိုင်းဒေသကြီးကိုယ်စားပြု)က လူငယ်နှင့်စာပေ၊  မောင်နိုင်စိုးထွန်း(မန္တလေးတိုင်းဒေသကြီး ကိုယ်စားပြု)က လူငယ်နှင့်စာရိတ္တ၊ မမြတ်သီရိမင်း(ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု)က လူငယ်နှင့်ယဉ်ကျေးမှု၊ မောင်ရဲထွဋ်ထွေး(စစ်ကိုင်းတိုင်းဒေသကြီးကိုယ်စားပြု)က လူငယ်နှင့် ကျန်းမာရေး ခေါင်းစဉ်များဖြင့် ဦးဆောင်ဆွေးနွေးခဲ့ကြသည်။

ထို့နောက် တက်ရောက်လာကြသည့် ငါးလုပ်ငန်းသိပ္ပံ(တွံတေး)ကျောင်း၊ ငါးလုပ်ငန်းနှင့် ရေသတ္တဝါမွေးမြူရေး ဒီပလိုမာ ပထမနှစ်မှ မောင်ဟိန်းခန့်ကျော် (ရခိုင်ပြည်နယ်)၊ မသင်းပပ(ပဲခူးတိုင်းဒေသကြီး)၊ မလဲ့ဇာဖြူ(ပဲခူးတိုင်းဒေသကြီး)တို့က မိမိတို့သိရှိလိုသည်များ မေးမြန်းဆွေးနွေးရာ ဦးဆောင်ဆွေးနွေးသူ များက ပြန်လည်ရှင်းလင်းဆွေးနွေးကြပြီး ငါးလုပ်ငန်းသိပ္ပံ (တွံတေး) ကျောင်းအုပ်ဆရာမကြီးဒေါ် မိုးသူဇာမောင် ကကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။ ဆွေးနွေးပွဲသို့ နည်းပြဆရာ၊ဆရာမများ၊ ဝန်ထမ်းများ၊ ငါးလုပ်ငန်းနှင့်ရေသတ္တဝါမွေးမြူရေး ဒီပလိုမာပထမနှစ် ကျောင်းသား၊ ကျောင်းသူ(၄၁)ဦး တက်ရောက်ခဲ့ကြသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲအား ခင်းကျင်းပြသထားရာ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

တွံတေးသား