ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မိုင်းဆတ်ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖဒေသခံပြည်သူများနှင့်တွေ့ဆုံ

မိုင်းဆတ် ဖေဖော်ဝါရီ ၂၃

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်နီလင်းအောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် ဖေဖော်ဝါရီ (၂၀)ရက် ညနေ(၄)နာရီခွဲက ဒေသဖွံ့ဖြိုးရေးအတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများ၊ရပ်မိရပ်ဖများ၊ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကို မိုင်းဆတ်မြို့ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပသည်။

တွေ့ဆုံပွဲတွင် မိုင်းဆတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ (ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး) ဦးအောင်ဟိန်းကျော်မှ အသေးစား၊ အလတ်စား၊ အငယ်စား MSMEs လုပ်ငန်းများနှင့် ဒေသဆိုင်ရာအချက်အလက်များ ရှင်းလင်းတင်ပြပြီးတက်ရောက်လာကြသည့် ရပ်မိရပ်ဖများ၊ ဒေသခံတိုင်းရင်းသားပြည်သူများမှ ဒေသလို အပ်ချက်များတင်ပြကြသည်။ မိုင်းဆတ်မြို့ ရပ်မိရပ်ဖ၊ဒေသခံတိုင်းရင်းသားပြည်သူများ၏ တင်ပြချက်များအပေါ် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက လိုအပ်ချက်များတင်ပြမှုကိုသိရှိပြီး ကြိုးစားပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ မိုင်းဆတ်ခရိုင်/မြို့နယ်တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ထောက်ပံ့ငွေများကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ပေးအပ်ရာ မိုင်းဆတ်ခရိုင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများမှ လက်ခံရယူသည်။

ထို့နောက် မိုင်းဆတ်ခရိုင် အောင်ဇေယျဘက်စုံအားကစားကွင်း RC (၂)ထပ်ပွဲကြည့်စင်ကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်နီလင်းအောင်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအောင်မြင့်၊ ရပ်မိရပ်ဖတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

၎င်းနောက်ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်သူများသည် မိုင်းဆတ်ခရိုင် လားဟူးရိုးရာ စမ်းကြဘာသာဝင်များနှင့်တွေ့ဆုံရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များကို လားဟူးရိုးရာ လက်ဆေးမင်္ဂလာအမှုပြုကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက လားဟူရိုးရာ စမ်းကြဘာသာဝင်များအား နှုတ်ခွန်းဆက်မင်္ဂလာစကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က တိုဘိုကြီးများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။  

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဖေဖေါ်ဝါရီ(၂၁)ရက် နံနက်(၈)နာရီက မိုင်းဆတ်မြို့ မဟာမြတ်မုနိရုပ်ပွား တော်အားသွားရောက်ဖူးမျှော်ကြည်ညိုကာ ဘုရားအတွက် အလှူငွေများ ပေးအပ်လှူဒါန်းပေးခဲ့ပြီးမိုင်းဆတ်မြို့၊ မြို့ဦးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပဏ္ဍိာတ (ပြည်နယ်သံဃဝန်ဆောင်)အား သွားရောက်ဖူးမျှော်ကြည်ညိုကာ လှူဖွယ်ဝတ္ထုပစ္စည်းနှင့် နဝကမ္မအလှူငွေများ လှူဒါန်းပေးကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မိုင်းဆတ်မြို့၊ မြို့မဈေးအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးကြပြီး မိုင်းဆတ်ပြည်သူ့ဆေးရုံသို့ သွားရောက်ကာ တာဝန်ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်းများနှင့်တွေ့၍ ဆေးကုသမှုခံယူနေသောဒေသခံ ပြည်သူ့များအား အာဟာရပြည့်စားစရာများကို ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများက ထောက်ပံ ပေးအပ်ပြီး မိုက်ဆတ်မြို့ ကုန်းကုလားကျေးရွာတွင် ဦးယားပါးလုံးမွေးမြူထားသော ဆိတ်ခြံအားသွားရောက် ကြည့်ရှုကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ၊တိုင်းမှူး၊ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့်တာဝန်ရှိသူတို့သည် မိုင်းဖုန်းဓမ္မာရုံသို့သွားရောက်ကာ ဆရာတော်၊ဃံာတော်များအား ဖူးမျှော်ကြည်ညိုကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပေးကြပြီး ဓမ္မာရုံအတွက်အလှူငွေများကို ပေးအပ်လှူဒါန်းကြသည်။

၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဒေသခံလားဟူးတိုင်းရင်းသားဦးကျဟယ်စိုက် ပျိုးထားသောလိမ္မော်ခြံနှင့်နေကြာခြံတို့ကို သွားရောက်ကြည့်ရှုကြောင်း သိရသည်။

မောင်မောင်သန်း (တောင်ကြီး )