သာစည် ဖေဖော်ဝါရီ ၂၃
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် မိုးကြိုကာလများ၌ဖြစ်တတ်သည့် လေပြင်းဘေးကိုကြိုတင်ပြင်ဆင်ခြင်းအားဖြင့် ထိခိုက်မှုနည်းပါးစေရန် ကြိုတင်ပြင်ဆင်ရေးဆောင်ရွက်မည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ကွင်းဆင်းခြင်းလုပ်ငန်းများကို ဖေဖော်ဝါရီ၂၃ ရက်က ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးဆောင်ရွက်မည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
အစည်းအဝေးတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးအေးမင်းသူက လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးအတွက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ရှင်းလင်းသည်။ ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသက်ကျော်က လေဘေးကြိုတင်ပြင်ဆင်ရေးဆောင်ရွက်မည့် ကျေးရွာအုပ်ချုပ်ရေးမှူးများအား လိုအပ်သည်များမှာကြားသည်။ ထို့နောက် တက်ရောက်လာသည့် ကျေးရွာအုပ်ချုပ်ရေးမှူးများက မရှင်းလင်းသည့်အချက်များကို ပြန်လည်မေးမြန်းဆွေးနွေးကြကြောင်း သိရသည်။ သာစည်မြို့နယ်တွင် လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်ရန် အိမ်ခြေ ၁၅၈၀ တင်ပြထားပြီး အဆိုပါအိမ်များကို တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်မှတာဝန်ရှိသူများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ပရဟိတအဖွဲ့များပါဝင်သောအဖွဲ့များဖြင့် ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ပြင်ဆင်ရန်အခက်အခဲရှိပြီး အမှန်တကယ်လိုအပ်သည့်အိမ်များကို ထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းထွန်း