ဇေယျာသီရိမြို့နယ်ရှိ ဘမ်ဘူးဝါးကုန်ထုတ်သမဝါယမ အသင်းလီမီတက်မှ အုန်းမာလာခွံကြယ်သီးသင်တန်းဖွင့်

ဇေယျာသီရိ ဖေဖော်ဝါရီ ၂၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ မြန်မာနိုင်ငံဝါးစိုက်ပျိုးရေးအသင်း၊ ဘမ်ဘူးဝါးကုန်ထုတ် သမဝါယမအသင်းလီမီတက်မှ အုန်းမာလာခွံကြယ်သီးသင်တန်းကို ယနေ့နံနက်ပိုင်းက ဝန်ပြန်ကျေးရွာရှိ အဆိုပါအသင်းရုံး၌ ဖွင့်လှစ်ခဲ့သည်။

အဆိုပါသင်တန်းဖွင့်ပွဲသို့ နေပြည်တော်အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းအသင်း ဥက္ကဋ္ဌဦးထွန်းမြင့်၊ ဇေယျာသီရိမြို့နယ်အသင်းဥက္ကဋ္ဌဦးအောင်မိုးခိုင်၊ ဘမ်ဘူးဝါးကုန်ထုတ်သမဝါယမအသင်း လီမိတက်ဥက္ကဋ္ဌဦးကျော်ဝင်းနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ပြီး “ကျွန်တော်တို့ ဒီသင်တန်း လေးဟာရက်တိုသင်တန်းလေးဖြစ်ပါတယ်၊ သင်တန်းဖွင့်လှစ်ရခြင်း၏ အဓိကရည်ရွယ်ချက်ကတော့ ကျေးလက်နေပြည်သူတွေ အလုပ်အကိုင်အခွင့်အလမ်းရရှိရန်နှင့် ဆင်းရဲနွမ်းပါးမှုလျော့ချရေးအတွက်ပဲ ဖြစ်ပါတယ်၊ ဒီအုန်းမာလာခွံကြယ်သီးတွေကို မြန်မာနိုင်ငံမှာရှိတဲ့ အထည်ချုပ်စက်ရုံတွေက နိုင်ငံခြားကနေမှာတာများပါတယ်၊ ဒါကြောင့် ကျွန်တော်တို့ပြည်တွင်းမှာပဲ အရည်အသွေကောင်းကောင်းနဲ့ ထုတ်လုပ်နိုင်အောင် သင်တန်းဖွင့်လှစ်ပေးတာဖြစ်ပါတယ်၊  များများထုတ်လုပ်နိုင်တယ်ဆိုရင် အထည်ချုပ်စက်ရုံတွေကနေပြီး အလုံးရေသိန်းနဲ့ချီမှာယူတာတွေရှိပါတယ်၊ ယခုသင်တန်းမှာဆိုရင် အုန်းမာလာခွံကြယ်သီးများကို ကျွန်တော်တို့ဆီက သင်တန်းဆရာတွေက သင်ကြားပေးသွားမှာဖြစ်ပါတယ်” ဟု ကျော်ဝင်းကပြောသည်။

အဆိုပါသင်တန်းကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းမှ သင်တန်းသား/သူများ၊ အနယ်နယ်အရပ်ရပ်မှ သင်တန်းသား/သူ များတက်ရောက်ခဲ့ပြီး ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှ ၂၇ ရက်နေ့ထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)