ဇမ္ဗူသီရိ ဖေဖော်ဝါရီ ၂၃
၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၈)ရက်နေ့မှ (၁၈)ရက်နေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျင်းပသွားမည်ဖြစ်ပြီး၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ စာစစ်ဌာနအသီးသီးတွင် ဖြေဆိုကြမည့် ကျောင်းသား/သူများအနေဖြင့် မိမိတို့၏ ဓာတ်ပုံကပ်ထားသည့် ခုံအမှတ်စဉ်ပါ စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို ဖေဖော်ဝါရီ (၂၀)ရက်နေ့မှ စတင်၍ ထုတ်ပေးလျက်ရှိရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ စာစစ်ဌာန(၆)ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား/သူများအား စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၊ အထက်တန်းကျောင်း(ခွဲ)နှင့် ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား/သူများအနေဖြင့် စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို မိမိတို့၏ ကျောင်းအုပ်ကြီးများထံတွင် ထုတ်ယူရမည်ဖြစ်ပြီး၊ ပြင်ပဖြေဆိုသူများအနေဖြင့် စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို မိမိတို့ဖြေဆိုမည့် စာစစ်ဌာနအလိုက် ထုတ်ယူရမည်ဖြစ်ကြောင်း သိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲကို ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၆)၊ အမှတ်(၇)၊ အမှတ်(၁၄)၊ အမှတ်(၂၂) အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အ.လ.က (၃)ကျောင်းနှင့် ခုတင် (၁၀၀၀) ဆေးရုံ၊ စုစုပေါင်း စာစစ်ဌာန (၆)ခုတို့၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းထားသည့် ကျောင်းသား၊ ကျောင်းသူဦးရေ စုစုပေါင်း (၁၀၄၉)ဦးရှိကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် လုံခြုံရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက် ပေးထားမည်ဖြစ်ကြောင်း ဇမ္ဗူသီရိမြို့နယ်၊ မြို့နယ်ပညာရေးမှူးဦးဝင်းနိုင်ထံမှ သိရှိရသည်။
နီလာ(ပြန်/ဆက်)