နမ္မတူမြို့နယ်တွင် အားကစားကဏ္ဍဖွံ့ဖြိုးရေးအတွက် နွေရာသီအခြေခံအားကစားနည်း (၄)မျိုး အခမဲ့သင်ကြားပေးမည်

နမ္မတူ ဖေဖော်ဝါရီ ၂၃

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကျန်းမာပျော်ရွှင်ပြီး အားကစားကဏ္ဍဖွံ့ဖြိုးပြီး နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ နွေရာသီအခြေခံအားကစားနည်း (၄)မျိုး အခမဲ့သင်ကြားပေးမည် ဖြစ်သည်။

အဆိုပါ နွေရာသီအခြေခံအားကစားသင်တန်းအား မတ်လ (၁၃)ရက်နေ့မှ မတ်လ (၂၇)ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ပြီး ဘော်လုံး၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်၊ စားပွဲတင်တင်းနစ် စသည့်အားကစားနည်းများကို သက်ဆိုင်ရာနည်းပြဆရာများဖြင့် စနစ်တကျ လေ့ကျင့်သင်ကြား ပေးသွားမည် ဖြစ်သည်။

နွေရာသီအခြေခံအားကစားသင်တန်းများသို့ အသက် (၉)နှစ်မှ (၂၄)နှစ်အတွင်း မည်သူမဆို တက်ရောက်သင်ကြားနိုင်မည်ဖြစ်ပြီး သင်တန်းအခမဲ့တက်ရောက်ခွင့်၊ သင်တန်းသားတစ်ဦးလျှင် နွေရာသီသင်တန်းဝတ်စုံ တစ်စုံနှုန်းနှင့် သင်တန်းဆင်းဂုဏ်ပြုလက်မှတ်များ ပေးအပ်သွားမည် ဖြစ်သည်။

နွေရာသီအခြေခံအားကစားသင်တန်း တက်ရောက်သင်ကြားလိုသော ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် နမ္မတူမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနရုံးသို့ ယနေ့မှစ၍ မတ်လ (၁၀)ရက်နေ့အထိ ရုံးချိန်အတွင်း လူကိုယ်တိုင်လာရောက် ဆက်သွယ်လျှောက်ထားနိုင် ကြောင်း မြို့နယ်အားကစားမှူး ဒေါ်ရွှေမာထံက သိရသည်။

လူမော် (ပြန်/ဆက်)