ဟိုပန်မြို့မဈေး၌ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်မှု ပြုလုပ်

ဟိုပန် ဖေဖော်ဝါရီ ၂၃

"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်ရှိ မြို့မဈေးကြီး မီးဘေးလုံခြုံမှုရှိစေရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် မီးငြှိမ်းသတ်ခြင်း ဇာတ်တိုက်လေ့ကျင့်မှုကို ယနေ့နံနက်(၁၀)နာရီက ဟိုပန်မြို့မဈေးရှေ့၌ ပြုလုပ်ဆောင်ရွက်ခဲ့ရာ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးထွန်းထွန်းဝင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးတင့်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်းထိုက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ဟိုပန်မြို့နယ်မီးသတ်ဉီးစီးမှူး ဉီးစိန်ခိုင်နှင့် စည်ပင်သာယာရေးဌာနမှ အမူဆောင်အရာရှိ ဉီးနိုင်မျိုးဉီးတို့က ဉီးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ ပူးပေါင်းကာ ဈေးသူ၊ ဈေးသားများအား မီးသတ်ဆေးဘူးဖြင့် မီးငြိှမ်းသတ်စေခြင်း၊ မီးသတ်ဆေးဘူးအသုံးပြုပုံများ ရှင်းလင်းပြသခြင်း၊ မီးဘေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် မီးငြိှမ်းသတ်ခြင်းများကို လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။

ဆက်လက်၍ တိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးနှင့် ပူးပေါင်းအဖွဲ့သည် မြို့မဈေးအတွင်း၊ အပြင်ရှိ ဈေးဆိုင်ခန်းများအတွင်း ဝါယာကြိုးများ သွယ်တန်းထားရှိမှု အခြေအနေများအား စနစ်တကျရှိ၊ မရှိ စစ်ဆေးမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ပြီး လိုအပ်သည်များအား လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)