ကျိုက်မရော ဖေဖော်ဝါရီ ၂၃
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်၌ ဆောင်းရာသီ ဆီထွက်သီးနှံမြေပဲများ စတင်ထွက်ရှိနေပြီးဖြစ်ရာ အထွက်နှုန်းလည်းကောင်းသဖြင့် မြေပဲစိုက်တောင်သူများ စျေးကောင်းရရှိရန် မျှော်လင့်လျက် ရှိကြောင်း သိရသည်။
ဆီထွက်သီးနှံ ဆောင်းမြေပဲများကို အောက်တိုဘာလကုန်မှစ၍ စတင်စိုက်ပျိုးပြီး ရက်ပေါင်း တစ်ရာ ကျော်ကြာတွင် မြေပဲများစတင်နှုတ်ယူရန် ပြင်ဆင်၍ ဆီထွက်အားကောင်းစေရန် မြေပဲကို ခြောက်နေအောင်နေလှန်းပြီး ဆီကြိတ်ကြကြောင်း တောင်သူများအနေဖြင့် မြေပဲဆီစစ်စစ်ကို စျေးကောင်းရရှိသည့် အချိန်မှသာ ထုတ်ရောင်းလေ့ရှိကြသည်။ မြေပဲဆီကို လူတိုင်း ကြိုက်နှစ်သက်သဖြင့် မြေပဲစိုက်ချိန်ကပင် ကြိုတင်မှာထားကြသည့်သူများပြီး ယခုချိန် ပေါ်ကာစ၌ပင် မြေပဲဆီ ဆယ်ပိသာပုံးတစ်ပုံးလျင် တစ်သိန်းငါးသောင်းထိ စျေးပေါက်နေသဖြင့် မြေပဲ များများစိုက်သည့် တောင်သူများ စီးပွားရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
မြေပဲကိုအထွက်နှုန်း ကောင်းစေရန်မျိုးစေ့ကို ခပ်ကျဲကျဲစိုက်ပျိုး မျိုးစေ့မချခင်မှာ ထွန်ရေး ကောင်းအောင် မြေကိုညက်နေအောင်ထွန်ရပြီး သဘာဝမြေသြဇာ များများကျွေးပြီး ပေါင်းသင်ဆေး ဖျန်းရကြောင်း မျိုးစေ့ချတဲ့အချိန်မှာ တစ်စေ့နှင့်တစ်စေ့ တစ်ထွာကျော်ကျော် အတန်းလိုက် စိုက်ပျိုးရပြီး အပင်ပေါက်ကလေးများ ထွက်ချိန်တွင် ငှက်များ ခိုများ မစားရအောင် အထူးဂရုပြု ရကြောင်းလည်း လက်ပန်ကျေးရွာမှ မြေပဲစိုက် တောင်သူ ဦးအောင်သန်း က ပြောသည်။
ကျိုက်မရောမြို့နယ်တွင် ဒေသတွင်း စားသုံးဆီဖူလုံစေရေးအတွက် မြေပဲကို လျာထားချက် ပြည့်မီအောင် စိုက်ပျိုးနိုင်ရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နည်းပညာများ၊ စိုက်စရိတ်ချေးငွေများ မြေသြဇာများကို ကူညီပံ့ပိုးလျက်ရှိရာ ယခုနှစ်ဆောင်းမြေပဲ စိုက်ဧက (၁၀၅၀)ဧက ကို နိတုံကျေးရွာ၊ ကော့ဝမ်းကျေးရွာ၊ လက်ပန်၊ ဓမ္မသကျေးရွာများ၌ စနစ်တကျ စိုက်ပျိုးကြသဖြင့် ယခုနှစ် မြေပဲအထွက်နှုန်းကောင်းပြီး စျေးကောင်းလည်းရရှိသဖြင့် တောင်သူများ ကျေနပ်ဝမ်းသာလျက် ရှိကြောင်း နိတုံကျေးရွာ မြေပဲစိုက်တောင်သူ ဦးစောထူးထံမှ သိရသည်။
ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)