ကျောက်တန်း စက်တင်ဘာ ၂၉
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ စက်တင်ဘာ (၂၀)ရက်နေ့ ထုတ်ပြန်ချက်အရ Stay at Home ကာလ အတွင်း မဖြစ်မနေကိစ္စရပ်များမှလွဲ၍ ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ သွားလာခြင်းမပြုရန် ရပ်ကွက်/ ကျေးရွာများအတွင်း လှည့်လှည်အသိပေးကြေညာပြီးနောက် ပြည်သူများ တိကျစွာလိုက်နာစေရန်အတွက် အသိပညာပေး ဆောင်ရွက်ခြင်းကို ကျောက်တန်းမြို့နယ်အတွင်း ယမန်နေ့မွန်းလွဲပိုင်းမှစ၍ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဌ ဦးသန်းဌေးနှင့် ကော်မတီဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ နှင့် ရပ်ကွက် /ကျေးရွာ အုပ်ချုပ်ရေးမှူးများက ပူးပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျောက်တန်းမြို့နယ်၏ မြို့အဝင်အထွက် အဓိက လမ်းမကြီးများတွင် ဖြတ်သန်း သွားလာနေသော ယာဉ်များအား ရပ်တန့်စေပြီး နေအိမ်ပြင်ပသို့ထွက်ခွါသည့် အကြောင်းအရာများအား မေးမြန်း ခြင်း၊ အပြင်ထွက်လာသည့် ပြည်သူများအား နှာခေါင်းစည်း(Mask) တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ ကိုယ်ပိုင်ယာဉ်နှင့် အငှားယာဉ်များကိုလည်း ကျန်းမာရေးကိစ္စနှင့် စားသောက်ကုန်နှင့် ဆေးပစ္စည်းများဝယ်ယူခြင်းမှ အပ ခွင့်မပြုခြင်း၊ ပြည်သူများ အနေဖြင့်လည်း ကျန်းမာရေးကိစ္စနှင့် စားသောက်ရေးကိစ္စ ဈေးဝယ်ခြင်းမှလွဲ၍ အကြောင်းမဲ့ သွားလာခြင်း မပြုရန်၊ ကြေညာချက်အား သိရှိလိုက်နာပေးရန် တို့ကို အသိပညာပေး ပြောကြားခဲ့ ကြောင်း သိရသည်။
ခင်ဆွေဝင်း (ကျောက်တန်း)