၂၀၂၂-၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် G-5နှင့် အလယ်တန်းအဆင့် G-9 နှစ်ဆုံးစာမေးပွဲဖြေဆို

မူဆယ် ဖေဖော်ဝါရီ ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် ၂၀၂၂-၂၃ ပညာသင်နှစ်အတွက် အခြေခံပညာမူလတန်းအဆင့် G-5 (စတုတ္ထတန်းသင်ရိုးသစ်)နှင့် အလယ်တန်းအဆင့် G-9(အဌမတန်း သင်ရိုးဟောင်း) နှစ်ဆုံးစာမေးပွဲကို ယမန်နေ့စ၍ မတ်လ(၁)ရက်နေ့အထိ (၈)ရက်တိတိ သက်ဆိုင်ရာစာစစ်ဌာနကျောင်းများတွင် ကျင်းပဖြေဆိုလျက်ရှိပြီး ကျောင်းသား/သူများ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။

မူဆယ်မြို့တွင် အခြေခံပညာမူလတန်းအဆင့် G-5(စတုတ္တတန်း သင်ရိုးသစ်)ကို ဖြေဆိုကြသည့် အခြေခံပညာကျောင်း၊ ပုဂ္ဂလိကကျောင်းနှင့် ဘုန်းတော်ကြီးပညာရေးကျောင်းပေါင်း(၄၂)ကျောင်းမှ ကျောင်းသား/သူ (၇၅၂)ဦးအတွက် စာစစ်ဌာန(၁၀)ခုဖြင့် ဖြေဆိုကြပြီး အခြေခံပညာအလယ်တန်းအဆင့် G-9 (အဋ္ဌမတန်း သင်ရိုးဟောင်း)ကို ဖြေဆိုကြသည့် အခြေခံပညာကျောင်း၊ ပုဂ္ဂလိက ကျောင်းနှင့် ဘုန်းတော်ကြီးပညာရေးကျောင်းပေါင်း(၂၄)ကျောင်းမှ ကျောင်းသား/သူ (၇၇၃)ဦး အတွက် စာစစ်ဌာန(၁၀)ခုဖြင့် အေးချမ်း စွာဖြေဆိုလျက်ရှိကြောင်း မူဆယ်မြို့၊ မြို့နယ် ပညာရေးမှူးရုံးမှ တာဝန်ရှိသူထံက သိရသည်။

အဆိုပါ နှစ်ဆုံးစာမေးပွဲကို ကျောင်းသား/သူများ စိတ်ချလက်ချအေးချမ်းစွာဖြေဆိုနိုင်ရန် မြို့နယ် ပညာရေးမှူး၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် စာစစ်ဌာနကြီးကြပ်ရေးမှူးများ၊ သက်ဆိုင်ရာ စာစစ်ဌာန ကျောင်းများမှ တာဝန်ကျဆရာ/ဆရာမများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းအကျိုးတော် ဆောင်များကလည်း စာမေးပွဲလုံခြုံရေးအတွက် ကြီးမှူးဆောင်ရွက်လျက်ရှိသည်။ ထို့အတူ ကျောင်းသား/သူမိဘများကလည်း စာမေးပွဲခန်းပြင်ပမှ အနီးကပ်စောင့်ကြည့် အားပေးလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)