မုဒုံ ဖေဖော်ဝါရီ ၂၃
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် ယမန်နေ့မွန်းလွဲပိုင်းက စားသုံးသူကာကွယ်ရေးဥပဒေနှင့် ကုန်အညွှန်းအမှတ်အသားအကြောင်း သိကောင်းစရာ Talk Show ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မုဒုံမြို့နယ်ရုံးမှဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းက အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ် ကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးစည်သူက "စားသုံးသူတိုင်းတွင် စားသုံးသူအခွင့်အရေးရှိကြောင်း၊ စားသုံးသူအခွင့်အရေး ဦးစားပေးဟူသော ဆောင်ပုဒ်နှင့်အညီ စားသုံးသူပြည်သူများ၏ အခွင့်အရေးအပြည့်အဝ ရရှိစေရေးဉပဒေနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ အသစ်ထပ်မံပြောင်းလဲသည့် ဦးစီးဌာန၏မျှော်မှန်းချက်ဖြစ်သည့် ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးရေးနှင့်စားသုံးသူကာကွယ်ရေး လုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ရည်မှန်းချက် တာဝန် ၄ ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း" ပြောကြားသည်။
ဆက်လက်၍ ၂၀၁၉ ခုနှစ် စားသုံးသူကာကွယ်ရေးဥပဒေပါအချက်များ၊ စီမံခန့်ခွဲရေး နည်းလမ်းအရ အရေးယူခြင်းအခြေအနေနှင့် ပြစ်မှု၊ ပြစ်ဒဏ်ပိုင်းများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးသည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မုဒုံမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမတွင် ဌာနဆိုင်ရာများ၊ ပြင်ပအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အသိပညာပေး Talk Show များ၊ အထိမ်းအမှတ်နေ့ပြပွဲ၊ ပြိုင်ပွဲများဟောပြောပွဲများ၊ စာဖတ်ဝိုင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မုဒုံသူ