ပုဗ္ဗသီရိ ဖေဖော်ဝါရီ ၂၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ သုခဒီပရပ်ကွက်၊ မရှိခဏဓမ္မရောင်ခြည်ကျောင်းတိုက်၌ ပုဗ္ဗသီရိမြို့နယ်လုံးဆိုင်ရာ တတိယအကြိမ် အသံမစဲမဟာပဋ္ဌာန်းမြတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကို နေပြည်တော်ကောင်စီမှကြီးမှူး၍ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
အခမ်းအနားသို့ ပုဗ္ဗသီရိမြို့နယ် တံခွန်တိုင်ဆရာတော် ဘဒ္ဒန္တဥူးသောဘဏ၊ မရှိခဏဓမ္မရောင်ခြည်ကျောင်းတိုက်ဆရာတော် ဥူးတိက္ခာစာရနှင့် ပင့်သံဃာတော်များ၊ နေပြည်တော် ကောင်စီဝင်ဦးမြင့်စိုး၊ ဇေယျာသီရိခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဟန်ဝင်းထူး၊ ပုဗ္ဗသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးစိန်ကြည်နှင့် အဖွဲ့ဝင်များ၊ ဥတ္တရခရိုင် သာသနာရေးမှူး ဦးနိုင်လင်း၊ မြို့နယ်သာသနာရေးမှူး ဦးကျော်မြင့်သူ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ကာ တံခွန်တိုင် ဆရာတော် ဘဒ္ဒန္တဥူးသောဘဏမထေရ်မြတ်ထံမှ ပရိသတ်များက ငါးပါးသီလခံယူ ဆောက် တည်ခဲ့ကြသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက သာသနာရေးဆိုင်ရာများ လျှောက်ထားကာ ဆရာတော် သံဃာတော်များထံမှ ဆုံးမသြဝါဒခံယူနာကြား၍ လှူဖွယ်ဝတ္ထုအသီးသီး ဆက်ကပ် လှူဒါန်းခဲ့သည်။ ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများသည် တတိယအကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ အောင်မြင်ပြီးမြောက်ကြောင်း ရေစက်သွန်းချအမျှပေးဝေကာ "ဗုဒ္ဓသာသနံစိရံတိဋ္ဌတု" သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
သန္တာလင်း(ပုဗ္ဗသီရိ)