မိုးမိတ်မြို့တွင် အမျိုးသမီးများအား အကြမ်းဖက်မှုနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြော

မိုးမိတ် ဖေဖော်ဝါရီ ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့တွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၏ ဦးဆောင်မှုဖြင့် အမျိုးသမီးများအားအကြမ်းဖက်မှုနှင့်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သီတာသိမ့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းပီးက လူကုန်ကူးမှုဆိုသည်မှာ  လူတစ်ဦးသည် အခြားလူတစ်ဦးကို အဓမ္မပြည့်တန်ဆာလုပ်ခိုင်းခြင်း၊ အခြား ကာမဆိုင်ရာကိစ္စ တစ်မျိုးမျိုးပြုလုပ်ခိုင်းခြင်း၊ အဓမ္မအလုပ်ခိုင်းစေခြင်း၊ အဓမ္မလက်ထပ်ထိမ်းမြှားစေခြင်း၊ ကျွန်ပြုခြင်း ကျေးကျွန်ကဲ့သို့ ခိုင်းစေခြင်း၊ အခြားသူတစ်ယောက်၏ ခန္ဓာအစိတ်အပိုင်းအား ထုတ်ယူဖယ်ရှားခြင်း၊ ရောင်းစားခြင်း စသည့်တို့ကိုပြုလုပ်ရာ၌ ငွေကြေးကိုသော်လည်းကောင်း၊ အကျိုးအမြတ်တစ်စုံတရာကို သော်လည်းကောင်း လက်ခံခြင်း (သို့မဟုတ် လက်ခံရယူရန် သဘောတူ ခြင်းတို့ဖြစ်သည်ဟုလည်းကောင်း လူကုန်ကူးမှုနှင့်ပတ်သက်ပြီး ပြစ်မှုပြစ်ဒဏ်များ၊ လူကုန်ကူးမှုဖြစ်ပွားလေ့ရှိသည့် အခြေအနေများနှင့် ဆောင်ရန်ရှောင်ရန်များအား အသိပညာပေးဟောပြောခဲ့ပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ အကြီးတန်းစာရေး ဒေါ်မေပန်းမြတ်နိုးက အမျိုးသမီးအကြမ်းဖက်မှုဖြစ်ပေါ်လာပါက မိမိတို့လူမှုဝန်ထမ်းဦးစီးဌာက ကျန်းမာရေးချိတ်ဆက်မှုပေးခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရပါက လိင်မှတဆင့်ကူးစက်တတ်သောရောဂါများနှင့် အခြားကူးစက်တတ်သောရောဂါများမှ ကာကွယ်မှုရှိစေရန်  ချိတ်ဆက်ညွှန်ကြားပေးခြင်း၊ ယာယီလုံခြုံရေးနေရာများ ဆောင်ရွက်ပေးခြင်း၊ တရားရေးဆိုင်ရာကိစ္စရပ်များ ချိတ်ဆက်ပေးခြင်း လူမှုရေးဆိုင်ရာ ပံ့ပိုးကူညီမှုပေးခြင်းနှင့် အခြားဝန်ဆောင်မှုများကို ကူညီဆောင်ရွက်ပေးသွားဟုပြောကြားခဲ့ပြီး  တက်ရောက်လာကြသူများက ဆွေးနွေးမေးမြန်းခဲ့ ကြရာ တာဝန်ရှိသူက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။

စည်သူဌေး (ခရိုင်ပြန်/ဆက်)