ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း သံတွဲခရိုင်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

စစ်တွေ ဖေဖော်ဝါရီ ၂၃

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက သံတွဲခရိုင်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဂွမြို့နယ်၊ ကျောက်ကြီးကျေးရွာ၌ စိုက်ပျိုးရေးဦးစီးဌာန၏ နည်းပညာနှင့်မျိုးပံ့ပိုးပေးမှုဖြင့် အမယ်သစ်သီးနှံကော်ဖီစံပြကွက်(၁၀)ဧက စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးကြရာ စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက ကော်ဖီသီးနှံဖြစ်ထွန်းအောင်မြင်နေမှုနှင့် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် တိုးချဲ့စိုက်ပျိုးနိုင်မည့်အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သံတွဲမြို့နယ်၊ ဆင်ဒင်ကလေးကျေးရွာအနီး၌ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော ဆင်ဒင်ကလေးလျှိုပိတ်ဆည်တည်ဆောက်နေမှုစီမံကိန်းအား သွားရောက်ကြည့်ရှုစစ်ဆေးကြရာ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းအောင်ဇော်က လျှိုပိတ်ဆည်တည် ဆောက်ရေးစီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ဆင်ဒင်ကလေးလျှိုပိတ်ဆည် တည်ဆောက်မှုမှာ စီမံကိန်းတစ်ခုံးလုံး၏ ခန့်မှန်းကုန်ကျငွေကျပ် ၈၃၀ သန်းခန့်ဖြစ်ပြီး လက်ရှိတွင် ၂၀၂၃-ခုနှစ်၊ ပြည်နယ်အစိုးရအဖွဲ့ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၆၀၀ သန်းဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည်။ အဆိုပါ လျှိုပိတ်ဆည်တည်ဆောက်ပြီးစီးပါက ရေကန်ပြည့်ရေသိုလှောင်မှုပမာဏမှာ ၂၈၃ ဒသမ ၀၅ ဂါလံသန်းသိုလှောင်နိုင်မည်ဖြစ်ပြီး ဆင်ဒင်ကလေးကျေးရွာနှင့် အနီးပတ်ဝန်းကျင် ကျေးရွာ ၇ ရွာအပြင် အခြားလိုအပ်သောနေရာများသို့ သောက်သုံးရေလုံလောက်စွာ ဖြန့်ဖြူပေးနိုင်မည်ဖြစ်သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သံတွဲမြို့နယ် ဒွါရာဝတီမြို့သစ်၌ မြန်မာနိုင်ငံ သားများပိုင်ဆိုင်သော Thantwe Marine Product အအေးခန်းစက်ရုံသို့ သွားရောက်ကြည့်ရှုကြသည်။ ထိုသို့ သွားရောက်ကြည့်ရှုစဉ် အအေးခန်းစက်ရုံပိုင်ရှင် ဦးတင်မောင်ဌေးက အအေးခန်းစက်ရုံ၏ လုပ်ငန်းလည်ပတ်နေမှုနှင့် ကဏန်းပျော့ မွေးမြူထုတ်လုပ်နေမှုများ၊ လျှပ်စစ်မီးအားသုံးစွဲမှု၊ ငါး၊ ပုစွန်၊ ကဏန်းသိုလှောင်မှု၊ ရေခဲထွက်ရှိမှု၊ ဝန်ထမ်း ၉၅၀ ခန့် ခန့်ထားနိုင်မှု၊ တစ်ရက်လျှင် ကုန်ချော(၅)တန်မှ (၁၀)တန်အထိ ထုတ်လုပ်နိုင်စွမ်းရှိမှု၊ ထုတ်လုပ်ပြီးကုန်ချောများအား သံတွဲစက်ရုံ၌ အပြီးသတ်ထုတ်ပိုးပြီး ရန်ကုန်သို့အအေးခန်းကားဖြင့်သယ်ဆောင်ကာ ရန်ကုန်မှတစ်ဆင့် ပြည်ပနိုင်ငံများသို့ တင်ပို့ ရောင်းချနေမှုနှင့် ကဏန်းပျော့မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အအေးခန်းစက်ရုံအတွင်း ငါး၊ ပုစွန်၊ ကဏန်းပျော့များကို အမျိုးအစားအလိုက် ကုန်ချောထုတ်လုပ်နေမှုတို့ကို လှည့်လည်ကြည့်ရှုကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သံတွဲခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန၊ ခရိုင်လမ်းဦးစီးဌာန၊ စက်မှုလက်မှုသိပ္ပံ(သံတွဲ)တို့မှ လုပ်ငန်းဆောင်ရွက်နေမှုများအပေါ် ရှင်းလင်းတင်ပြသည့်အခမ်းအနားနှင့် သံတွဲမြို့နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME) လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာနမှ သံတွဲမြို့နယ် သူဋ္ဌေးချောင်းရေအား လျှပ်စစ်စီမံကိန်းတာဝန်ခံက သူဋ္ဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပြီးစီးနေမှုအခြေအနေများအားလည်းကောင်း၊ ခရိုင်လမ်းဦးစီးဌာနမှူးက ခရိုင်အတွင်း လမ်းတံတားများ၊ အခြေအနေများအားလည်းကောင်း၊ စက်မှုလက်မှုသိပ္ပံ(သံတွဲ)ကျောင်းအုပ်ကြီးက စက်မှုလက်မှုသိပ္ပံ (သံတွဲ)ကျောင်းအတွင်း စာသင်ဆောင်များဆောက်လုပ်နေမှု၊ တောင်ကုတ်စက်မှုလက်မှုသိပ္ပံကျောင်းဆောက်လုပ်နေမှုနှင့် ဂွမြို့စက်မှုလက်မှုသိပ္ပံကျောင်းအခြေအနေတို့ကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သံတွဲမြို့နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME) လုပ်ငန်းရှင်များတွေ့ဆုံပြီး လုပ်ငန်းရှင်များ၏ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သံတွဲမြို့၊ သာသနာ့ဗိမာန်တော်ကြီးဆောက်လုပ်ပြီးစီးမှုနှင့် သာသနာ့ဗိမာန်တော်ကြီး၌ သံတွဲခရိုင်လုံးဆိုင်ရာ ဒွါရာဝတီပရိယတ္တိသာသနာနုဂ္ဂဟအဖွဲ့မှ စာပြန်ပွဲတော်ကျင်းပရန်ဆောင်ရွက်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

တင်ထွန်း