ရန်ကုန်တောင်ပိုင်းခရိုင် ခရမ်းမြို့တွင် Stay at Home   အစီအစဉ်အရ  ယာဉ်နှင့်လူအသွားအလာနည်းပါး

ခရမ်း  စက်တင်ဘာ   ၂၉

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၂၂ ရက်နေ့တွင် ကိုကိုးကျွန်း မြို့နယ်မှအပ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ပြည်သူများအားလုံး မိမိအိမ်တွင်သာ နေထိုင်ကြရန် အကျုံးဝင်ကြောင်း ထုတ်ပြန်ထားမှုကြောင့် ရန်ကုန် တောင်ပိုင်းခရိုင် ခရမ်းမြို့တွင် ယနေ့ နေ့လည်ပိုင်း၌ ယာဉ်နှင့်လူအသွားအလာ နည်းပါးလျက်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း  ဓာတ်ခွဲအတည်ပြု လူနာများပြားလာမှုကြောင့် ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမိုထိန်းချုပ်နိုင်ရေးအတွက်  ခရမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ညွှန်ကြားချက်အရ စက်တင်ဘာလ (၂၈) နေ့မှ စတင်၍ နံနက်(၅) နာရီမှ (၉) နာရီအတွင်း မဖြစ်မနေဈေးဝယ်ရန်အတွက် တစ်အိမ်လျှင်တစ်ဦးသာသွားရောက်ရန်၊ မဖြစ်မနေ နေအိမ်မှပြင်ပသို့ သွားလာလျှင် ပါးစပ်/နှာခေါင်းစည်း တပ်ဆင်သွားလာကြရန်၊ တာဝန်ထမ်းဆောင်ရန် သွားရောက်/ပြန်လာမည့်သူများကို ပို့ဆောင်မည့်ယာဉ်များနှင့် ဖြတ်သန်းခွင့်ပြုထားသောယာဉ်များကိုသာ ရပ်ကွက်ကျော်လွန် သွားလာခွင့်ပြုရန်၊ လိုအပ်ချက်အရ အခြားမြို့နယ် များသို့ ဖြတ်ကျော်သွားလာမည်ဆိုပါက  QR Pass ကိုင်ဆောင်သွားကြရန်၊ နိုင်ငံ့ဝန်ထမ်းများနှင့် တာဝန်ရှိသူများ မှအပ  အပြင်သို့ မထွက်ကြရန်၊ လိုက်နာရန်ပျက်ကွက်ပါက တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း လိုက်လံနှိုးဆော်ထားမှုကြောင့် ခရမ်းမြို့နေ ပြည်သူများအနေဖြင့် အသွားအလာ  နည်းပါးမှုကိုတွေ့ရှိရကြောင်း သိရသည်။

ကိုမင်း( ခရမ်း )