နောင်ချိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၌ ကော်ဖီမျိုးစေ့နှင့် ပျိုးပင်ပေးအပ်ပွဲ ကျင်းပ

 

နောင်ချို ဖေဖော်ဝါရီ ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၌ ကော်ဖီသီးနှံ တိုးချဲ့စိုက်ပျိုးရေးနှင့် အထွက်နှုန်းတိုးတက်ရေးစီမံကိန်းအတွက် ကော်ဖီမျိုးစေ့နှင့် ပျိုးပင်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀နာရီခွဲအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်ကော်ဖီသီးနှံ တိုးချဲ့စိုက်ပျိုးရေးနှင့် အထွက်နှုန်းတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ၊ ကျောက်မဲခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ဦးက အဖွင့်အမှာစကား ပြောကြားရာတွင် ကော်ဖီသီးနှံတိုးချဲ့စိုက်ပျိုးရေးနှင့် အထွက်နှုန်းတိုးတက်ရေး ကြီးကြပ်မှုကော်မတီ ဖွဲ့စည်းထားမှု အခြေအနေများနှင့် ကော်ဖီသီးနှံစိုက်ပျိုးရေးတောင်သူများအနေဖြင့် ရင်းနှီးမြှပ်နှံမှု ပမာဏ များပြားသည့်အတွက် လုပ်ပိုင်ခွင့် ကြန့်ကြာမှုမရှိစေရေး ဆောင်ရွက်ပေးနေမှုများအား ရှင်းလင်း ပြောကြားခဲ့သည်။ ၎င်းနောက် ခရိုင်ကော်ဖီသီးနှံစိုက်ပျိုးရေးနှင့် အထွက်နှုန်းတိုးတက်ရေး ကော်မတီအတွင်းရေးမှူး ကျောက်မဲခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းထင်စိုးက ကော်ဖီသီးနှံတိုးချဲ့စိုက်ပျိုးရေးအတွက် ဆွေးနွေးခဲ့ပြီး ကျောက်မဲခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးနိုင်ဝင်းထွေးက ကော်ဖီသီးနှံ စိုက်ပျိုးမှုအပေါ် မြေယာပြဿနာနှင့်ပတ်သက်၍ ဥပဒေနှင့်အညီ ဆောင်ရွက်ပေးမှုများအား ရှင်းလင်းဆွေးနွေးခဲ့သည်

ဆက်လက်၍ ခရိုင်ကော်ဖီသီးနှံစိုက်ပျိုးရေးနှင့် အထွက်နှုန်းတိုးတက်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကော်ဖီမျိုးစေ့နှင့် ပျိုးပင်များ ထောက်ပံ့ပေးအပ်ရာ ကော်ဖီစိုက်ပျိုးရေးတောင်သူများက လက်ခံရယူခဲ့ကြပြီး ကော်ဖီစိုက်ပျိုးတောင်သူများကိုယ်စား တောင်သူ ဦးမျိုးညွှန့်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့နယ်အနေဖြင့် မျိုးစေ့နှင့် ပျိုးပင်ပေးအပ်ပွဲကို ဒုတိယအကြိမ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်အကြီးအကဲများအနေဖြင့် နောင်ချိုမြို့နယ် ဘန့်ဘွေးကျေးရွာအား ကော်ဖီစိုက်ပျိုးရေးဇုန်အဖြစ် သတ်မှတ်ခဲ့ကာ စိုက်ပျိုးလျက်ရှိကြောင်း၊ နှစ်ရှည်ပင်နည်းပါးလာခြင်း၊ အရိပ်ရပင်များ နည်းပါလာခြင်းကြောင့် သဘာဝရေထွက်များ အားနည်းလာခြင်းအပေါ် တောင်သူများဝင်ငွေရစေသော ကော်ဖီသီးနှံ စိုက်ပျိုးခြင်းဖြင့် တောင်သူများလည်း ဝင်ငွေရရှိကာ ရာသီဥတုကိုလည်း ပြုပြင်ထိန်းသိမ်းရာရောက်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ယနေ့အခမ်းအနားသို့ ခရိုင်ကော်ဖီသီးနှံစိုက်ပျိုးရေးနှင့် အထွက်နှုန်း တိုးတက်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ကော်ဖီသီးနှံစိုက်ပျိုးတောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထွေးငယ်(နောင်ချို၊ ပြန်/ဆက်)