မိုးညှင်းမြို့၌ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းဆင်းပွဲကျင်းပ

မိုးညှင်း ဖေဖော်ဝါရီ ၂၃

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ် (ဆင့်ပွား)သင်တန်းဆင်းပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ (၂၂) ရက် မွန်းလွဲ(၃)နာရီခွဲက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဟောင်း၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်ကအဖွင့်အမှာစကား ပြောကြားရာတွင် သင်တန်းသားသင်တန်းသူများအား မိမိတို့ရပ်ရွာဒေသ၌ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက လေ့လာသင်ယူခဲ့ကြသည့် အသိပညာရပ်များကို ပေါင်းစပ်အသုံးပြု၍ ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်းဖြင့် သဘာဝဘေးဒဏ်များ ကြံ့ကြံ့ခံရင်ဆိုင် တုံ့ပြန်နိုင်သည့် လူ့အဖွဲ့ အစည်းတစ်ရပ် တည်ထောင်သွားကြပါစေလိုကြောင်း ပြောကြားပြီး သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ရာ သင်တန်းသား သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးက လက်ခံရယူခဲ့သည်။

ယင်းနောက် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား)သင်တန်း ဆင်းပွဲနှင့်ပတ်သက်၍ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး၊ ထိုသင်တန်းတွင်သင်တန်းသား သင်တန်းသူ စုစု​ပေါင်း (၃၀)ဦးအား စာတွေ့လက်တွေ့ဖြင့် ဖေဖော်ဝါရီလ (၂၀)ရက်မှ (၂၂)ရက်ထိ သုံးရက်ကြား သင်ကြားပို့ချပေးခဲ့​ကြောင်း သိရသည်။

အဆိုပါ ဆင့်ပွားသင်တန်း ဖွင့်လှစ်ခဲ့ရခြင်းနှင့်ပတ်သက်၍ မိုးညှင်းခရိုင်အတွင်း အဖြစ်များ လေ့ရှိသည့် သဘာဝဘေးများတွင် မီးဘေး၊ ရေဘေး၊ မြေပြိုဘေး၊ လေပြင်းဘေး၊ မိုးကြိုးဘေးများဖြစ်ကြပြီး ၂၀၂၁ ခုနှစ်မှ ယခုအချိန်ထိ သဘာဝဘေးပေါင်း (၈၄)ခု ဖြစ်ပွားခဲ့ရာ ဘေးသင့်အိမ်ထောင်စု (၇၄၃)စုနှင့် လူဦးရေ(၃၂၂၁)ဦး ဘေးသင့်ခဲ့ကြောင်း ခရိုင်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။

ရွှေမိုးညှင်း