မိုးနဲမြို့နယ်၌ မြို့နယ်လုံးဆိုင်ရာ (၃၉) ကြိမ်မြောက် ပရိယတ္တိသဒ္ဓမ္မပါလ စာမေးပွဲကျင်းပ

မိုးနဲ ဖေဖော်ဝါရီ ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ မြို့နယ်လုံးဆိုင်ရာ (၃၉) ကြိမ်မြောက် ပရိယတ္တိသဒ္ဓမ္မပါလ စာမေးပွဲကို ရွှေကျောင်းတော်ကျောင်းတိုက်နေရာတွင် ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှစ၍ မွန်းလွဲ ၁ နာရီအချိန်တွင် ဖြေဆိုလျက်ရှိကြောင်း သိရသည်။

အဆိုပါ မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလ စာမေးပွဲကို မိုးနဲမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများမှ ပထမတန်းတွင် (၂၇၁)ပါး၊ ဒုတိယတန်းတွင် (၁၂၂)ပါး၊ တတိယတန်းတွင် (၁၃)ပါး စုစုပေါင်း (၄၀၆) ပါးဝင်ရောက်ဖြေဆိုရန်စာရင်းပေးသွင်းထားပြီး ပထမတန်းတွင် (၂၇၀)ပါး၊ ဒုတိယတန်းတွင် (၁၁၃)ပါး၊ တတိယတန်းတွင် (၁၃)ပါး စုစုပေါင်း (၃၉၆)ပါး ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း၊ ဖေဖော်ဝါရီလ (၂၈) ရက်နေ့ထိ ဖြေဆိုသွားမည်ဖြစ်ကြောင်း၊ ဖြေဆိုကြသည့်သံဃာတော်များနှင့် ကြီးကြပ်ကိုယ်တော်များအပါအဝင် (၄၅၀)ပါး ခန့်အား ဆွမ်း၊ ကွမ်း အခက်အခဲမရှိစေရေး ဌာနဆိုင်ရာများ၊စေတနာရှင် အလှူရှင်များ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုနေပြည်သူများက နေ့စဉ်လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။

ဇင်ကိုကို(ပြန်/ဆက်)