၂၀၂၂-၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအား မူဆယ်မြို့၊ အ.ထ.က(၂)စာစစ်ဌာန၌ ဖြေဆို ကျင်းပမည်

မူဆယ် ဖေဖော်ဝါရီ  ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် ၂၀၂၂-၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲကို မူဆယ်မြို့၊ အ.ထ.က(၂)စာစစ်ဌာန၌ မြို့နယ်အတွင်းရှိ အခြေခံပညာရေးကျောင်းပေါင်း (၁၀)ကျောင်းမှ ကျောင်းသား/သူ(၃၀၂)ဦး ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါတက္ကသိုလ်ဝင်စာမေးပွဲအား မြန်မာနိုင်ငံတစ်ဝန်းတွင် မတ်လ(၈)ရက်နေ့မှ မတ်လ(၁၈)ရက် နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ မူဆယ်မြို့နယ်အတွင်းရှိ အစိုးရအခြေခံပညာရေး ကျောင်းများဖြစ်သော အ.ထ.က(၂)မူဆယ်မှ ကျောင်းသား/သူ(၁၃)ဦး၊ အ.ထ.က(၃) မူဆယ်မှ ကျောင်းသား/ သူ (၅)ဦးတို့နှင့် ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများဖြစ်သော ကျော်(ကပက)မှ ကျောင်းသား/သူ (၅၈)ဦး၊ အောင် (ကပက)မှ ကျောင်းသား/သူ(၂၆)ဦး၊ REC(ကပက)မှ(၅)ဦး၊ အားမန်သစ်(ကပတ)မှ (၁၂)ဦး၊ RAIN-2(ကပတ)မှ ကျောင်းသား /သူ(၈)ဦး၊ MIEC(ကပတ)မှ ကျောင်းသား(၁)ဦး၊ ကြယ်စင်စု (ကပတ)မှ ကျောင်းသား/သူ(၉)ဦး နှင့်CMA (ကပတ)မှ ကျောင်းသူ(၁)ဦး ဝင်ရောက်ဖြေဆိုကြမည် ဖြစ်သည်။ ထိုအပြင် တက္ကသိုလ်စာမေးပွဲကို ဘာသာတွဲ (၅)မျိုးဖြင့် အစိုးရအခြေခံပညာရေးကျောင်းများမှ ကျောင်းသား/သူ(၁၈)ဦးနှင့် ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား/သူ (၁၂၀)ဦးတို့နှင့်‌ ကျောင်းတွင်းမှ ဝင်ရောက်ဖြေဆိုသူ စုစုပေါင်း(၁၃၈)ဦးရှိပြီး ပြင်ပမှဝင် ရောက်ဖြေဆိုမည့် ကျောင်းသား/သူ(၁၆၄)ဦးတို့မှာ မူဆယ်မြို့၊အ.ထ.က(၂)စာစစ်ဌာနတစ်ခုထဲတွင် စုပေါင်းဖြေ ဆိုကြမည်ဖြစ်ကြောင်း သိရသည်။ 

မူဆယ်မြို့နယ်တွင် ယမန်နှစ်က တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုခဲ့သည့် ကျောင်းသား/သူ (၃၀၃)ဦး ရှိပြီး (၁၆၉)ဦး အောင်မြင်ခဲ့ကာ အောင်ချက်အနေဖြင့် ၅၅.၇၈ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေး မှူးရုံးမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ခရိုင်(ပြန်/ဆက်)