ဒဂုံဆိပ်ကမ်း ဖေဖော်ဝါရီ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ အမျိုးသားတီဘီတိုက်ဖျက်ရေး စီမံကိန်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နေ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ယနေ့နံနက်ပိုင်း က (၈၉)ရပ်ကွက် ဓမ္မာရုံတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုများအနေဖြင့် ရင်ခေါင်းဓာတ်မှန်ရိုက်ခြင်းနှင့် အထွေထွေရောဂါများ စစ်ဆေးကုသပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိရာ မြို့နယ်အတွင်းရှိ သက်ကြီးရွယ်အိုများအား ဆီးချို၊ သွေးတိုးနှင့် အထွေထွေရောဂါများ စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်ကြီး ဒေါက်တာအေးမူယာကျော်နှင့် သူနာပြုဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်းရှိ အသက် ၅၀ နှစ်အထက် သက်ကြီးရွယ်အိုများအား သွေးပေါင်ချိန်ပေးခြင်း၊ ဆီးချိုတိုင်းတာပေးခြင်း၊ ဆီးချို၊ သွေးတိုးနှင့် အခြားအထွေထွေရောဂါများအား အခမဲ့စစ်ဆေး ကုသပေးခြင်းများကို ရပ်ကွက်များအလိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အေးမဥ္ဇူ(ပြန်/ဆက်)