သပိတ်ကျင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ

သပိတ်ကျင်း ဖေဖော်ဝါရီ ၂၃

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများနှင့် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်းပြီး စာရေးဆရာချစ်နိုင်(စိတ်ပညာ) ရေးသားပြုစုသည့် “ခေါင်းဆောင်မှုအတွေး၏အရေးပါမှု”  စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် သပိတ်ကျင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်နှင်းဆီက စာဖတ်ဝိုင်းဆွေးနွေးပွဲများပြုလုပ်ခြင်းဖြင့် စာပေဖတ်ရှုသည့် အလေ့ကျင့်ကောင်းများရရှိစေရန်၊ အတွေးအခေါ်အသိပညာဗဟုသုတများရရှိစေပြီး ပညာပြည့်ဝသည့် လူငယ်များဖြစ်ပေါ်လာစေရန်ရည်ရွယ်ပြီး ကျင်းပခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသည့် စာပေချစ်မြတ်နိုးသူများအသင်းဝင် ဦး​ဇော်လင်းစိုးက ချစ်နိုင်(စိတ်ပညာ)ရေးသားသည့် “ခေါင်းဆောင်မှုအတွေး၏အရေးပါမှု”  စာအုပ်မှ “လူမှုဆက်ဆံရေးအရည်အသွေး” “အများ၏ယုံကြည်မှု”  ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးထွန်းအောင်ကျော်(ရုပ်သံကျွမ်းကျင်-၃)က “ပညာနှင့်တူသောအလင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများမှ ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သပိတ်ကျင်းမြို့နယ်အတွင်းရှိ လူငယ်လူရွယ်နှင့် ကျောင်းသား/ကျောင်းသူများ စာပေဖတ်ရှုသည့်အလေ့ကျင့်ကောင်းများရရှိစေရန်၊ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊ စာပေချစ်မြတ်နိုးသူများတိုးပွားလာစေရန်အတွက် စာဖတ်ဝိုင်းများ၊ စာပေဆွေးနွေးပွဲများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)