ပလင်းကမ်းသာယာဆင်စခန်းရှိ ဆင်များအား ကိုဗစ်-၁၉ ကူးစက်ရောဂါကာလအတွင်း Online မှတဆင့်ဆက်သွယ်၍ ဆင်စာဘူဖေးကျွေးမှု (၅၉၄)ကြိမ်ရှိလာ

ညောင်ဦး  ဖေဖော်ဝါရီ  ၂၃

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ မြင်းခြံ-ပခုက္ကူကားလမ်းမကြီးဘေး၊ အ‌နောက်ပုလင်း ကျေးရွာအနီးဧရာဝတီမြစ်ကမ်းဘေးတွင်ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာဆင်စခန်း၌ ကိုဗစ်-၁၉ရောဂါကာလအတွင်း မြန်မာပြည်အရပ်ရပ်မှဆင်ချစ်သူများက Online မှတဆင့် ဆက်သွယ်၍ ဆင်စာဘူဖေးကျွေးမှုများပြားလာကြောင်း ပလင်းကမ်းသာယာဆင်စခန်းတာဝန်ရှိသူများထံက သိရသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့သစ်လုပ်ငန်းက ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာဆင်စခန်းအား ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာလအတွင်း မြန်မာပြည် အရပ်ရပ်ရှိ ဆင်ချစ်သူများက Onlineမှတဆင့် ဆင်စာဘူဖေးကျွေးမွေးလှူဒါန်းလျက်ရှိရာ ကိုဗစ်-၁၉ကူးစက်ရောဂါကာလအတွင်း ဆင်စာဘူဖေးကျွေးသူများပြားလာကာ (၅၉၄)ကြိမ်ထိ ဆင်စာဘူဖေးကျွးမှုများပြားလာပြီး နောက်ထပ်ကျွေးမွေးဖို့ Online မှလည်းကြိုတင်ချိတ်ဆက်မှုများလည်း ရှိနေသေးကြောင်း ဆင်စခန်းတာဝန်ရှိသူများထံက သိရသည်။

မြန်မာနိုင်ငံ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ဆင်စခန်း(၂၂)ခုထိဖွင့်လှစ်ထားရှိထားပြီး ဆင်စာဘူဖေးကျွေးမွေးလှူဒါန်းလိုပါက ဆင်စခန်းအမည်များနှင့်Page များတွင် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း၊ ဆင်စာအဖြစ် ကြံ၊ နေပီယာမြက်၊ ငှက်ပျောသီး၊ ဖရုံသီး၊ ဖရဲ သီး၊ သခွားသီး၊သရက်သီး၊ အုန်းသီး၊ ပြောင်းဖူးများကိုအဓိကကျွေးကြကာ ရာသီပေါ်သီနှံများ အားကျွေးမွေးကြပြီး ဆင်စာဘူဖေး တစ်ခါကျွေးလျှင် သုံးသောင်းကျပ်မှငါးသောင်းကျပ်ထိ လှူဒါန်းကြကာ တနေ့စာဆင်ခုနှစ်ကောင်အတွက် တစ်သိန်းကျပ်လှူဒါန်းနိုင်ကြောင်း သိရသည်။

ပလင်းကမ်းသာယာဆင်စခန်းဆင်စခန်းသို့ မလာရောက်နိုင်ပါက ဆင်စခန်း Page များမှ တဆင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ပလင်းကမ်းသာယာဆင်းစခန်း တာဝန်ခံ လက်ထောက်မန်နေဂျာဖုံး (၀၉-၇၉၃၈၂၀၅၃၂) သို့ ဆက်သွယ်လှူဒါန်းနိုင်ကြာင်း သိရကာ ကိုဗစ်-၁၉ ကူးစက်ရောဂါကာလ အတွင်း ဆင်စာဘူဖေးကျွးမှု (၅၉၄)ကြိမ်ရှိခဲ့ပြီဖြစ်ကြောင်း မြို့ပြအခြေပြုခရီးသွားလုပ်ငန်းဖွံ့ဖြိုးမှုအတွက် ဖွင့်လှစ်သည့်ဆင်စခန်းများ ကိုဗစ်-၁၉ ကူးစက်ကာလဆင်စာခက်ခဲလျက်ရှိကာ တောတောင်ရေမြေသဘာဝအခြေခံဖွင့်လှစ်ထားသည့်ဆင်စခန်းများရှိဆင်များအတွက် အစာရေစာ မခက်ခဲကြောင်းလည်း ပလင်းကမ်းသာယာဆင်စခန်းတာဝန်ရှိသူများကရှင်းပြ၍ သိရသည်။

ဒီပါလင်း