အမ်းမြို့ မြို့မစည်ပင်သာယာဈေး၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြမီးငြှိမ်းသတ်ပွဲ ကျင်းပ

အမ်း ဖေဖော်ဝါရီ ၂၃

ရခိုင်ပြည်နယ် အမ်းခရိုင် အမ်းမြို့အမ္ဗနဒီ မြို့မစည်ပင်သာယာဈေး၌ မီးဘေးအန္တရာယ်ကျရောက်လာပါက ကြိုတင်ကာကွယ်နိုင်ရန်နှင့် မီးဘေးအန္တရာယ် အသိပညာ​ပေး​ဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အမ္ဗနဒီမြို့မစည် ပင်သာယာဈေးရှိ ဈေးဆိုင်များ၊ ဈေးရုံတန်းများအနီးတွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါ မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင် ဇော်ထက်နှင့်အဖွဲ့ဝင်များ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ မြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဦးကျော်ကျော်နိုင်နှင့် ဝန်ထမ်းများ မြို့နယ်မီးသတ်ဦးစီးမှုးဦးအောင်သန်းဋ္ဌေးနှင့် တပ်ဖွဲ့ဝင်များ စျေးရောင်းစျေးဝယ်များနှင့် စျေးကော်မတီဝင်များ တက်ရောက်ကာ မြို့နယ်မီးသတ်ဦးစီးမှူးက မီးလောင်မှုဖြစ်ပွားလာပါက ဆောင်ရန်ရှောင်ရန် အချက်များ မီးသတ်ဆေးဘူးအသုံး ပြုနည်းများနှင့် မီးသတ်ဆေးဘူးဖြင့် ငြှိမ်းသတ်ပုံ၊ ရေစိုအဝတ်ဖြင့် ဖုံးအုပ်မီးငြှိမ်းသတ်ပုံများအား မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက လက်တွေ့သရုပ်ပြသဆောင်ရွက်ခဲ့သည်။

ဆက်လက်ပြီး တာဝန်ရှိသူများမှ မြို့မစည်ပင်သာယာဈေးအတွင်း စျေးဆိုင်ခန်းများတွင် မီးသတ်ဆေးဘူးထားရှိ/မရှိ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်ထားမှုတို့ကို စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)