ကျောက်တန်း ဖေဖော်ဝါရီ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အိသန္တာချိုက လူငယ်တွေအတွက် ပညာရေးဟာ အဓိကရည်မှန်းချက်ဖြစ်ပါကြောင်း လောကနီတိတွင် လူငယ်တစ်ယောက်ရဲ့ဘဝအား သုံးပိုင်းခွဲခြားထားပြီး ပထမအရွယ်မှာပညာရှာ ဒုတိယအရွယ်မှာ ဥစ္စာရှာ တတိယအရွယ်မှာ တရားဘာဝနာရှာဆိုပြီး ညွှန်းဆိုထားကြောင်း၊ ပညာဆိုရာမှာ စာပေသာမက အသိပညာ၊ အတတ်ပညာ အနုပညာ အသက်မွေးဝမ်းကြောင်းပညာ ကိန်းကဏန်းဆိုင်ရာ အတွက်အချက်ပညာစီမံခန့်ခွဲမှုပညာ ဥပဒေပညာဆေးပညာ အရောင်းအဝယ်ကုန်သွယ်ပညာစသည်ဖြင့် ပညာရပ်အမျိုးမျိုးရှိပါကြောင်းနှင့် စာတတ်ဖို့သာမက ပညာတတ်ဖို့ပါ ကြိုးစားသင့်ကြောင်း လူငယ်နဲ့စာရိတ္တဆိုင်ရာအကြောင်းအရာ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး လူငယ်နှင့်ကျန်းမာရေးဆိုင်ရာ အကြောင်းအရာများအား ဗဟုသုတရဖွယ် အသိပညာပေးဆွေးနွေးဟောပြောခဲ့သည်။
ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် အသိပညာပေး ဟောပြောပွဲများ၊ နံရံကပ်စာစောင်များ၊ သင်တန်းများ၊ စသည့်တို့ကို လစဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)