မာန်အောင်မြို့နယ် တက္ကသိုလ်ဝင်စာမေးပွဲစာစစ်ဌာန(၂)ခုတွင် ကျောင်းသား/သူ(၄၂၃)ဦး ဝင်ရောက်ဖြေဆို

မာန်အောင် ဖေဖော်ဝါရီ ၂၃

ရခိုင်ပြည်နယ် တောင်ကုတ်ခရိုင် မာန်အောင်မြို့နယ်မှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူ(၄၂၃)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝန်းတွင် မတ်လ(၈)ရက်နေ့မှ မတ်လ (၁၈)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ မာန်အောင်မြို့နယ်တွင် အ-ထ-က မာန်အောင်စာစစ်ဌာနနှင့် အ-ထ-က(ခွဲ)စျေးတန်းစာစစ်ဌာန(၂)ခုတို့တွင် ကျောင်းတွင်းဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူ(၄၅)ဦး၊ ပြင်ပမှဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူ(၃၇၈)ဦး၊ စုစုပေါင်း ကျောင်းသား/သူ(၄၂၃)ဦး ဝင်ရောက်ဖြေဆိုကြမည်ဖြစ်သည်။

မာန်အောင်မြို့နယ်၌ ယမန်နှစ်က တက္ကသိုလ်ဝင်စာမေးပွဲတွင် စာစစ်ဌာန(၅)ခုသတ်မှတ်၍ ကျောင်းသား/သူ(၁၁၆၃)ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ (၅၃၇)ဦးအောင်မြင်ခဲ့သဖြင့် အောင်ချက်ရာနှုန်းမှာ ၄၆.၁၇ ရာခိုင်နှုန်းရှိခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံး တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

သိန်းဖေ