ပေါက်တောမြို့၌ ရခိုင်မျိုးနွယ်စုတိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုဝတ်စားဆင်ယင်ဓာတ်ပုံပြပွဲကျင်းပ

ပေါက်တော ဖေဖော်ဝါရီ ၂၃   

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၊ Youth For All အဖွဲ့အစည်းမှကြီးမှူးပြီး ရခိုင်မျိုးနွယ်စုတိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုဝတ်စားဆင်ယင်ဓာတ်ပုံပြပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်အားကစားခန်းမ၌ ပြုလုပ်ကြသည်။

ရှေးဦးစွာ ANP မှ ဦးအောင်ကျော်ထွီးနှင့် ဆရာဦးကျော်ဟိန်းတို့က အဖွင့်အမှာစကားပြောကြားပြီး Youth For All အဖွဲ့မှ Founder ဦးရွှေသိန်းက မိမိတို့ဒေသအတွင်းရှိ မတူကွဲပြားသောမျိုးနွယ်စုများအကြား အချင်းချင်းချစ်ခင်ရင်းနှီးလာပြီး အရောင်သွေးစုံလင်သော လူမှုအသိုက်အဝိုင်းတစ်ခုဖန်တီးရန်လိုအပ်ပါကြောင်း၊ မျိုးနွယ်စုတစ်ခု၏ယဉ်ကျေးမှုကို အခြားသောမျိုးနွယ်စုများက သိမြင်လာပြီး လေးစားတန်ဖိုးထားရန်လိုအပ်ပါကြောင်း၊ မတူညီသောယဉ်ကျေးမှုကို အခြားသောမျိုးနွယ်စုအချင်းချင်းရှိလူငယ်များကြား အချင်းချင်းဝိုင်းဝန်းလုပ်ဆောင်ရာမှတစ်ဆင့် မျိုးနွယ်စုအချင်းချင်းကြား ပိုမိုရင်းနှီးချစ်ခင်လာစေရန်လိုအပ်ကြောင်း၊ မတူညီသောမျိုးနွယ်စုများကြား ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးတမ်းများ၊ လူနေမှုပုံစံများကို ပွင့်ပွင့်လင်းလင်းသိမြင်လာကာ နားလည်လက်ခံလာပြီး မျိုးနွယ်စုအချင်းချင်း ဖေးမကူညီပေးနိုင်ရန်လိုအပ်ကြောင်း၊ မတူညီသောမျိုးနွယ်စုမှ လူငယ်များပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဖြင့် လှုမှုအသိုက်အဝိုင်းအတွင်း အတူတကွငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ကြခြင်း၏ပြရုပ်များကို ဖော်ထုတ်ထုစိုက်ရန်လိုအပ်ပါကြောင်း၊ မတူညီသောမျိုးနွယ်စုမှတစ်ဆင့် တစ်ဦးကိုတစ်ဦး နားလည်လက်ခံချစ်ခင်လာကြပြီး အရောင်အသွေးစုံလင်သည့် ဗဟုဝါဒလွှမ်းခြုံသော လှုမှုအသိုင်းအဝိုင်းကို ဖန်တီးနိုင်ရန်လိုအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ခန်းမအတွင်းပြသထားသည့် ရခိုင်မျိုးနွယ်စုတိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုဝတ်စားဆင်ယင်ဓာတ်ပုံများကို မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများနှင့် ကျောင်းသား ကျောင်းသူများက စိတ်ဝင်စားစွာလေ့ လာကြည့်ရှုကြသည်။

ဝင်းမင်းစိုး