တွံတေး ဖေဖော်ဝါရီ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် မြန်မာနိုင်ငံကျန်းမာရေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ (၂၀၂၃)အကြိုလှုပ်ရှားမှု မျက်စိအတွင်းတိမ်လူနာများ၊ အခမဲ့ခွဲစိတ်ကုသမှုအစီအစဥ်ဖြင့် တွံတေးမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ယနေ့နံနက် ၁၀ နာရီက အဆိုပါဆေးရုံလူနာစောင့်နားခိုဆောင်တွင် ကုသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် ရန်ကုန်မြို့ မျက်စိအထူးကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာခင်နန်းလုံဦးဆောင်၍ ရန်ကုန်တိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးနှင့် မျက်စိအထူးကုဆရာဝန်ကြီး၊ ဆရာဝန်(၆)ဦး မျက်မှန်ကျွမ်းကျင်(၂)ဦးနှင့် သူနာပြုဆရာ၊ ဆရာမများပါဝင်သော အဖွဲ့ဝင်(၁၈)ဦးက တွံတေးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ မျက်စိဝေဒနာခံစားနေရသော ရဟန်းသံဃာများ၊ သာသနာ့နွယ်ဝင်သီလရှင်များ၊ သက်ကြီးရွယ်အိုများပြည်သူများအား အခမဲ့မျက်စိစမ်းသပ်ကုသပေးပြီး မျက်မှန်လိုအပ်သူများအား မျက်မှန်အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မျက်စိကုသရာတွင် တွံတေးခရိုင်၊ ခရိုင်ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးဒေါက်တာမျိုးဇော်လှ၊ မြို့နယ်ကျန်းမားရေးမှူးအဆင့်(၁)ဦးလှစိုး၊ ကျန်းမာရေးဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များက ပူးပေါင်းပါဝင်ကူညီဆောင်ပေးခဲ့ကြောင်း သိရသည်။
တွံတေးသား