ဟိုပန် ဖေဖော်ဝါရီ ၂၂
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင် သီတင်းသုံးတော်မူကြသော ဆရာတော် သံဃာတော်များနှင့် သီလရှင်ဆရာကြီးများအား ဆွမ်း၊ ကွမ်းအခက်အခဲများ အဆင်ပြေစေရန်အတွက် ဆွမ်းဆန်တော်၊ ဆီ၊ဆား၊ ကုလားပဲများ ဆက်ကပ်လှူဒါန်းလျက်ရှိရာ ယနေ့နံနက်(၈)နာရီက ဟိုပန်မြို့နယ်၊ ရဌပါလမဟာဗောဓိကျောင်းတိုက်ရှိ ဆရာတော် သံဃာတော်များအား ဆက်ကပ်လှူဒါန်းခဲ့သည်။
ထိုသို့ လှူဒါန်းရာ၌ ရဌပါလမဟာဗောဓိကျောင်းတိုက်တွင် သီတင်းသုံးတော်မူသော ဆရာတော်၊ သံဃာတော်များအား "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်ဦးနှင့် ဝန်ထမ်းများက ဆွမ်းဆန်(၄) အိတ်၊ ဆီ(၁၀)ပိဿာ၊ ဆား(၅)ပိဿာနှင့် ကုလားပဲ(၆)ပိဿာ အမယ်လေးမျိုးကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနမှ ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ သီတင်းသုံးတော်မူကြကုန်သော သံဃာတော်များနှင့် သီလရှင် ဆရာကြီးကျောင်းများအား ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် ကုလားပဲများအား ဆက်လက်လှူဒါန်းသွားမည်ဖြစ်ကြောင်း နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ခရိုင်(ပြန်/ဆက်)