မွန်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၃ ခုနှစ်၊ (၄၉)နှစ်မြောက် မွန်ပြည်နယ်နေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

မော်လမြိုင် ဖေဖော်ဝါရီ ၂၂

၂၀၂၃ ခုနှစ်၊ (၄၉)နှစ်မြောက် မွန်ပြည်နယ်နေ့ အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ(၂၁)ရက်နေ့ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၃ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့တွင်ကျရောက်မည့် (၄၉)နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ်အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ရာ အခမ်းအနားကို အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး ကော်မတီအသီးသီးကိုလည်း ဖွဲ့စည်းတာဝန်ပေးအပ်ထားပြီးဖြစ်ကြောင်း၊ အထိမ်းအမှတ်အခမ်းအနားအပြင် မွန်တိုင်းရင်းသား လူမျိုးတို့၏ ရိုးရာအကအလှများ၊ တိုင်းရင်းသားများ၏ ရိုးရာအကအလှများ ဂုဏ်ပြုဖျော်ဖြေရေးအစီအစဉ်များကိုပါ ထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် ကဏ္ဍအလိုက် ကြိုတင်စီစဉ်ဆောင်ရွက်ထားရှိမည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာပြခန်းများနှင့် အသေးစား/ အငယ်စား/ အလတ်စား ထုတ်ကုန်အရောင်းပြခန်း ထည့်သွင်းပြသသွားမည်ဖြစ်သည့်အတွက် ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးမှ ထုတ်ကုန်များအပြင် ဒေသတစ်ခုထုတ်ကုန်တစ်ခုအစီအစဉ်ဖြင့် ပါဝင်ပြသနိုင်ရေးဆောင်ရွက်ပေးရန်နှင့် အခမ်းအနားကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြရန်ဖြင့် အမှာစကားပြောကြားခဲ့သည်။

ထို့နောက် အခမ်းအနားကျင်းပရေး လုပ်ငန်းကော်မတီဝင်များက (၄၉)နှစ်မြောက် မွန်ပြည်နယ်နေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြသည်။

ဆက်လက်ပြီး တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှုများအပေါ်  လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ခရိုင်ပြန်/ဆက်)