မိုးညှင်း ဖေဖော်ဝါရီ ၂၂
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ခရိုင်အဆင့် ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူ သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲ (၂) နာရီက အစိုးရစက်မှုလက်မှု သိပ္ပံကျောင်း (မိုးညှင်း)၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီလွင်က မိုးညှင်းခရိုင်သည် ငလျင်ဘေး ပြင်းထန်ဇုန်တွင် ကျရောက်နေတာဖြစ်သည့်အတွက် ငလျင်ဘေးဖြစ်ပွားလာပါက ထိရောက်မြန်ဆန်စွာ အရေးပေါ်တုံ့ပြန်နိုင်ရေးနှင့် ပျက်စီးဆုံးရှုံးမှုများ နည်းပါးလာစေရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိဖို့ လိုအပ်မည်ဖြစ်ကြောင်းပြောကြားပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလဖိုင်ဇော်ဂေါင်က ယခုလို ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်ခြင်းဖြင့် ဆောင်ရန်ရှောင်ရန်အချက်များ၊ အသိပညာရပ်များ သိရှိပြန့်ပွားသွားစေရန် ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူသရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောခြင်း၊ လက်တွေ့သရုပ်ပြသခြင်း၊ ငလျင်ဖြစ်ပွားကြောင်း အချက်ပြ ဥဩသံပေးခြင်း၊ စာသင်ခန်းများအတွင်းရှိ ကျောင်းသား ကျောင်းသူများမှ တုံ့ပြန်ဆောင်ရွက်ခြင်း၊ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခြင်း၊ စာသင်ခန်းများတွင် ပိတ်မိနေသူများအား ရှာဖွေကယ်ဆယ်ခြင်း၊ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များမှ ကယ်ဆယ်လာသူများကို မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ရှေးဦးပြုစုခြင်းဆိုင်ရာ အရေးပေါ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ပျောက်ဆုံးမှုရှိ/မရှိ ရှာဖွေစစ်ဆေးခြင်းများကို ခရိုင်မီးသတ်ဦးစီးဌာန၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် လူမှုကူညီရေးအသင်းတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ သရုပ်ပြဇာတ်တိုက် လေ့ကျင့်ဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ မိုးညှင်းခရိုင်အတွင်း အဖြစ်များလေ့ရှိသည့် သဘာဝဘေးများတွင် မီးဘေး၊ ရေဘေး၊ မြေပြိုဘေး၊ လေပြင်းဘေး၊ မိုးကြိုးဘေးများဖြစ်ကြပြီး ၂၀၂၁ ခုနှစ်မှ ယခုအချိန်ထိ သဘာဝဘေးပေါင်း (၈၄)ခု ဖြစ်ပွားခဲ့ရာ ဘေးသင့် အိမ်ထောင်စု (၇၄၃)စုနှင့် လူဦးရေ(၃၂၂၁)ဦး ဘေးသင့်ခဲ့ကြောင်း ခရိုင်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။
ရွှေမိုးညှင်း